ရှမ်းတပ်များအကြား သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ နယ်၊ သီပေါ-နမ့်လန် လမ်းတလျှောက်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့နယ်အတွင်းရှိ လုံဝိုင်ကျေးရွားနားတစ်လျှောက်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု နောင်ကော်ကြီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်နေတာ နေ့တိုင်းဖြစ်နေတယ်။ တဖက်ထဲက ပစ်နေတာလား၊ နှစ်ဖက်လုံးက ပစ်နေတာလား မသဲကွဲဘူး။ ဒီနေ့မနက်လည်း သေနတ်သံတွေကြားနေရတယ်။ ကုန်းဆော့၊ လုံဝိုင်ဘက် သေနတ်သံတွေကြားနေရတာ။ သီပေါ- နမ့်လန်လမ်းကြောပေါ့၊ ကုန်းဆော့၊ ကုန်းဆော့ဆိုတာ ကျနော်တို့ နောင်ကော်ကြီးရဲ့ တောင်ဘက်ခြမ်းပေါ့၊ လမ်းရဲ့တောင်ဘက်ပေါ့”

သီပေါ-နမ့်လန် လမ်းတလျှောက်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

သွားရောက်ကူညီပေးခဲ့သည့် နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) မှ ကိုမျိုးက “ဒီနေ့ မနက်ကို ၇ နာရီလောက်ကတည်း က စဖြစ်တယ်။ ၁၁ နာရီလောက်မှ ရပ်သွားတယ်လို့ ပြောတယ်။ အဲ့မှာ လုံဝိုင်ရွာကတော့ ဖက်နမ်ရွာဘက်ကို ရွာသားတွေက ခြေလျင်ထွက်လာကြတယ်။ ဖက်နမ်ရွာမှာ ကျနော်တို့သွားကြိုတယ်။ ဆိုင်ကယ်နဲ့ အရင်ထွက်လာတဲ့လူတွေ၊ ထော်လာဂျီ၊ သုံးဘီးတဲ့ထွက်လာတဲ့လူတွေ ရှိတယ်။ လမ်းလျှောက်ထွက်လာတဲ့လူတွေရှိတယ်။ အယောက်သုံးဆယ်နီးပါးကိုတော့ ကျနော်တို့ သွားကြိုပြီး နားကန်ဘုန်းကြီးကျောင်းကို ပို့ထားပေးတယ်။ တချို့ကတော့ သူတို့ဆွေမျိုးသားချင်းအိမ်တွေမှာ သွားနေကြတယ်လို့ ပြောတယ်” ဟု ပြောသည်။

သီပေါ-နမ့်လန် လမ်းတလျှောက် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ လက်နက်ကိုင်အဖွဲ့များကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည်မှာ ယနေ့အထိဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဒေသခံတွေပြေးနေရတာက ဒီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကတည်းက ပြေးနေရတာ။ အဲ့နေ့ကတည်းက စပြေးနေကြရတာ။ တင်းမာလိုက်ကြ ပစ်လိုက်ကြပေါ့၊ ဆက်တိုက်ပဲ ဒီလ ၄ ရက်နေ့ကတည်းကနေ ဒီနေ့အချိန်ထိပေါ့။ နားမခေါ် ဘုန်းကြီးကျောင်းမှာရှိတယ်။ ပြီးတော့ နောင်ကော်ကြီးရှိတယ်။ နမ့်ယန်းရှိတယ်၊ တချို့သီပေါရောက်ကုန်တယ်” ဟု နမ့်လန် ဒေသခံ စိုင်းနော်ဆိုင် က ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ထွက်ပြေးလာကြသည့် ဒေသခံရွာသားများရှိနေပြီး အများစုမှာ နောင်ကော်ကြီးရှိ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့နယ် နားမခေါ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်လည်း စစ်ဘေးရှောင် ၇၀၀ ကျော်ခန့် နေရပ် မပြန်နိုင်သေးပေ။

ဇန်နဝါရီလဆန်းပိုင်းမှ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံရွာသား ၁၅၀၀ ကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ရပြီး နေရပ်မပြန်နိုင်သေးသည့် ဒေသခံများလည်း ရှိနေသေးသည်ဟု ကိုမျိုးက ဆက်ပြောသည်။

“ဇန်နဝါရီလ ၄ ရက်နေ့တုန်းကတော့ ၁၄၀၀ ကျော်လောက်ရောက်တယ်။ အဲ့ကနေပြန်သွားကြတယ်။ ပြန်သွားပြီးတော့ ပြန်ပြေးလာကြတယ်။ အဲ့လိုပဲ ပြေးလိုက် ပြန်လိုက်နဲ့ မနေ့ကစာရင်းအရဆိုရင်တော့ ၆၀၀ ကျော် လောက်ကျန်နေသေးတယ်။ အခုဒီနေ့ ထပ်ရောက်တယ်ဆိုတော့ စာရင်းအတိအကျတော့ ညမှသိရမယ်။ သူတို့ကတော့ သီပေါမြို့နယ်ထဲက နားမခေါ်ကျေးရွာ၊ နောင်ကော်ကြီးဘုန်းကြီးကျောင်း၊ လွန်ကာရွာပေါ့ အဲ့မှာလည်း ရောက်နေကြတာပေါ့။ အဓိကကတော့ စားသောက်ကုန်ပဲ လိုအပ်နေတာပါ”

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် နောင်ကော်ကျေးရွာ အုပ်စု၌ SSPP/SSA တပ်ဖွဲ့မှ RCSS/SSA တပ်ဖွဲ့အား ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိသည်ဟု RCSS/SSA ပိုင် Tai Freedom လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

အလားတူ SSPP info လူမှုကွန်ရက်စာမျက်နှာတွင်လည်း RCSS ဘက်မှ စစ်အင်အား ၂၀၀ ကျော်ခန့်က အုပ်စု သုံးစုခွဲကာ SSPP ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက်တပ်များအကြား ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ မသိရသေးကြောင်း ရှမ်းဘာသာဖြင့် ရေးသားထုတ်ပြန် ထားသည်။

ရှမ်းလက်နက်ကိုင်အဖွဲအချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရေး ရှမ်းပြည်သူ ၄၀၀၀ ကျော် က ၂၀၁၈ နှစ်ကုန်ပိုင်းက လက်မှတ်ရေးထိုးတောင်းဆိုထားသည်။