ကချင်အဖွဲ့များ မြစ်ဆုံ အလိုမရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

မြစ်ဆုံ ရေအားလျှပ်စစ်မီမံကိန်းအပေါ် သဘောထားမှာ ကချင်ပြည်သူများနှင့် သဘောထားနှင့် တစ်ထပ်တည်းဖြစ်ပြီး ထာဝရ ရပ်ဆိုင်းပေးရန် ဆန္ဒရှိသည်ဟု ကချင်နိုင်ငံရေးပါတီများနှင့် ကချင်အရပ်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များက ပြောသည်။

ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းက “အဓိကကတော့ ဒီဟာလူထုသဘောထားသာ ဖြစ်ပါတယ်။ ကချင်ဒီမိုကရက်တစ်ပါတီပဲဖြစ်ဖြစ်၊ ပေါင်းစည်းရေးပါတီပဲဖြစ်ဖြစ် သဘောထားကတော့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ရင်တော့ မူကတော့ မပြောင်းပါဘူး။ အမြဲတမ်းမြစ်ဆုံရေကာတာနဲ့ ပတ်သက်လာရင်တော့ ဆက်လက်တည်ဆောက်ခွင့်တော့ ပေးလို့မဖြစ်ပါဘူး။ ပြည်သူလူထုရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

မြစ်ဆုံရေကာတာရေအားလျှပ်စစ်စီမံကိန်းမှာ ဒေသဖွံ့ဖြိုးရေးအတွက်ဟု ဆိုသော်လည်း ဒေသခံလူထုက တောက်လျှောက်ကန့်ကွက်ခဲ့တာဖြစ်ကြောင်း၊ မြစ်ဆုံဒေသ၏ သဘာဝအလှ၊ သဘာ၀ ပတ်ဝန်းကျင်ကို ပျက်စီးစေကြောင်း၊ ကချင်တိုင်းရင်းသားများရဲ့ သမိုင်းဝင် အထင်ကရနေရာဖြစ်ကြောင်း အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ထာဝရရပ်ဆိုင်းပေးဖို့ မူဝါဒသဘောထားရှိကြောင်း ကချင်နိုင်ငံရေးပါတီ သုံးပါတီက ယခုလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးဆန်အောင်ကလည်း “တရုတ်ကတော့ တခုခုဆိုရင် သူ အမြတ်ထုတ်ဖို့ပဲ စောင့်ကြည့်နေတာပဲ။ ဒါပေမယ့် လူထုက တောက်လျှောက် ကန့်ကွက်နေတော့ ဖြစ်မယ်လို့ ကျနော်တော့ မထင်ဘူး။ ကျနော်တို့ကလည်း လူထုရဲ့ သဘောထားအတိုင်းပါပဲ” ဟု ပြောသည်။

“ငြိမ်းချမ်းရေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီမြစ်ဆုံစီမံကိန်းက ရပ်ဆိုင်းရမှာဖြစ်တယ်။ ပြည်သူလူထုက တောက်လျှောက်ကန့်ကွက်နေမှာဖြစ်တယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ ငြိမ်းချမ်းရေးမရသေးလို့ဆိုတဲ့ အကြောင်းပြချက်တွေ ရှိလို့ အခုက ငြိမ်းချမ်းရေး အလားလာ ကောင်းပြီပဲ၊ ဒါကို ပြန်စမယ်ဆိုတဲ့အနေအထားမျိုးနဲ့ ချိန်ကိုက်အနေနဲ့ အမြတ်ထုတ် တဲ့အနေနဲ့ အဲ့လိုပြန်ဖိအား ပေးတာလို့ မြင်ပါတယ်” ဟု ဦးဆန်အောင်က ဆက်ပြောသည်။

ထို့အပြင် တရုတ်သံရုံးက ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း ကချင် နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးချက် ပြောကြားချက်တွေကို ဖော်ပြရာတွင် အမှန်တကယ်ဆွေးနွေးခဲ့မှုများနှင့် ကွဲလွဲမှုများ ရှိနေသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါသည်။

တွေ့ဆုံချိန်တွင် ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်၍ ဦးကွမ်ဂေါင်အောင်ခမ်း က “အချက်သုံး ချက်ပြောဖြစ်ပါတယ်။ ပထမအချက်ကတော့ မြစ်ဆုံရေကာတာ မတည်ဆောက်ဘူးဆိုရင် investment (ရင်းနှီး မြှုပ်နှံမှု)တွေ အသစ်မဝင်လာတော့ဘူးဆိုတာ ပြောတယ်။ ဒုတိယအချက်ကတော့ investment (ရင်းနှီးမြှုပ်နှံမှု) လုပ်တဲ့လူတွေက စိတ်ဆိုးနေတာပေါ့နော်။ တတိယအချက်ကတော့ ပေါက်ဖော်တွေဖြစ်တယ်၊ ဗမာနဲ့တရုတ်တွေက ဒါကြောင့် ၇ နှစ်တိတိ သီးညည်းခံပြီးမှနေတယ် ဆိုတဲ့ဟာကိုလည်း ပြောပြပါတယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Hong Liang (ဟုန်လျန်)နှင့် ကချင်ပေါင်း စည်းရေးပါတီ သုံးပါတီက ခေါင်းဆောင်သုံးဦးတို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေး တိုက်တွန်းမှုအပေါ် အစိုးရဆုံးဖြတ်ချက်နှင့် ဒေသခံများ၏ သဘောထားသာ အဓိကဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကချင်ပေါင်းစည်းရေးပါတီက ခေါင်းဆောင်များက ပြောသည်။

သို့သော်လည်း အဆိုပါခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်သံရုံးက ဇန်နဝါရီ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် တွေ့ဆုံစဉ်က ပြောဆိုမှုများနှင့် ကွဲလွဲမှုများစွာ ရှိနေသည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူများက ပြောသည်။

ကချင်ပူးပေါင်းရေးပါတီသုံးခုဖြစ်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ် ပါတီ(KDP) နှင့် စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS) တို့က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်၍ အပြီး ရပ်ဆိုင်းစေလိုကြောင်း ဇန်နဝါရီ ၁၄ ရက် သဘောထားထုတ်ပြန်ခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုတရပ်လုံး၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် လက်ထက်ကစ၍ ဒီနေ့အချိန်ထိ ရပ်ဆိုင်းခဲ့ရာ၊ NLD အစိုးရလက်ထက်တွင် စီမံကိန်းနှင့် ပတ်သက်၍ လုပ်ဆောင်ဖို့ တဖန် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကချင်နိုင်ငံရေးပါတီများ၊ ကချင်လူထုများ၊ မြစ်ဆုံအရေးတက်ကြွ လှုပ်ရှားနေသူများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကတော့ ဒီစီမံကိန်းကို ဆက်လက်ကန့် ကွက်သွားမည်ဟု ပြောဆိုနေကြသည်။