ABSDF မြောက်ပိုင်း ခေါင်းဆောင် ထောင်ဒဏ်ချမှု အပစ်ရပ်အဖွဲ့များ ဝေဖန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအား မတ ရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲပြီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် NCA စာချုပ်ပါ သ ဘောတူညီမှုများကို အစိုးရအနေဖြင့် ချိုးဖောက်လိုက်သည့်အပြင် စာချုပ်အပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း ကို ပြသရာရောက်သည်ဟု အပစ်ရပ်ခေါင်းဆောင်များ က ပြောသည်။
ဧပြီလ ၁၁ ရက်နေ့က NCA လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF – NB မြောက်ပိုင်းမှ ဒု-ဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးတို့အား မိုးညင်းခရိုင် တရား ရုံးမှ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည့် အ ပေါ် အပစ်ရပ်ခေါင်းဆောင်များက ယခုလို ပြောဆို လိုက်ခြင်းဖြစ်သည်။
“၁၇/၁ ပုဒ်မနဲ့ ကျနော်တို့ ရဲဘော်နှစ်ဦးကို ပစ်ဒဏ်ချမှတ်တဲ့ဆုံးဖြတ်ချက်ဟာ မတရားတဲ့ ဆုံးဖြတ်ချက်ဖြစ် တယ်လို့ ယူဆတယ်။ နောက်တစ်ခုကတော့ သဘောတူညီချက်တွေအပေါ်မှာ တကယ်ကို တာဝန်ယူမှု တာဝန် ခံမှု မရှိဘူး ဆိုတာကို ပြနေတာပါဗျ။ တနည်းအားဖြင့် ပြောရရင် NCA တစ်ခုလုံးကိုတော့ ပြောလို့မဖြစ်ဘူး။ ဒါ က ဒီထဲမှာပါတဲ့ သဘောတူချက် အပေါ်မှာတော့ လိုက်နာချက်မရှိဘူးလို့ ကျနော်တို့အနေနဲ့ သဘောတူညီ ချက် အပေါ်မှာ ဆုံးရှုံးတယ်လို့ ပြော လို့ရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် ABSDF ဥက္ကဌ ဦးသံခဲ က ပြောသည်။
ထို့အပြင် NCA စာချုပ်ချုပ်ဆိုစဉ်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား သဘော တူညီ ထားသည့် လွတ်လပ်စွာ သွားလာခွင့်၊ တပ်ဖွဲ့ဝင်များ၏ တည်နေရာ သတ်မှတ်ချက်ထားရှိခြင်း စသည့် အချက်များကို အစိုးရ အနေဖြင့် သဘောတူညီထားသည့်အတိုင်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့်အတွက် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ABSDF ဥက္ကဌ က ပြောသည်။
အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွ့ဲဖြစ်သည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က လည်း အစိုးရမှ ABSDF ခေါင်းဆောင်များအား ပြစ်ဒဏ် ချမှတ်လိုက်သည့်အပေါ် ယခုကဲ့သို့ ပြောသည်။
“ပုဒ်မ ၁၇/၁-၂ ကို မချိုးဖောက်ဘူးလို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် ABSDF က လက်မှတ်ရေးထိုး စဉ်က တည်းက သူတို့ အဖွဲ့ရဲ့ ထူးခြားတဲ့အခြေအနေ ဒါတွေကို အစိုးရက သိရှိလက်ခံပြီးကာမှ ပြည်ထောင်စုအဆင့် ပြည်နယ် အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးတယ်၊ ပြီးတော့ NCA ထိုးတာဖြစ် ပါတယ်။ ပြီးတော့ ABSDF က ဒီတိုင်းရင်းသားနယ်မြေတွေမှာ အခြေစိုက်ပြီးတော့ ဒီလိုလှုပ်ရှားဆောင်ရွက် တယ် ဆိုတဲ့ဟာ နဂိုက တည်းကို တဖက်က ပြည်ထောင်စုအစိုးရ တပ်မတော်ဘက်က သိရှိပြီးဖြစ်ပါတယ်။ အဲ့လိုသိရှိပြီးမှ စာချုပ်တွေ အချင်းချင်းချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့က စွဲဆိုထားတဲ့ ပုဒ်မက ၁၇/၁ ဆိုတာက တော့ ဒီအပေါ်မှာ သက်ရောက်မှုမရှိဘူးလို့ပဲ ယူဆပါတယ်”ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဒု-ဥက္ကဌ ခွန်မြင့်ထွန်း က ပြောသည်။
ABSDF – NB မြောက်ပိုင်းမှ ဒု-ဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် နေ့ညက မိုးညှင်းမြို့ တွင် ABSDF-NB မြောက်ပိုင်း၏ စစ်ဒေသကော်မတီ ဗဟို ကော်မတီ ဝင်ဖြစ်သော ရဲဘော် နိုင်ထွန်းထွန်း (ခ) ဦးပေါက်ကွေး ကွယ်လွန်သွားသည့်အတွက် ABSDF ၏ စည်းစနစ်ထုံးစံ နှင့်အညီ ပြန်တမ်း ဖတ်ကြားရမည် ဖြစ်သည့်အတွက် သွားရောက်သဂြိုလ်ရာ မိုးညှင်းမြို့တွင် အဖမ်းခံရခြင်း ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောသမိန်ထွန်းက “ဒါမဖြစ်သင့်ဘူး ပေါ့၊ အဲ့ဒါက NCA အရတော့ မရဘူးပေါ့လေ မူအားဖြင့်တော့။ ဒါပေမယ့် သူနေတဲ့နေရာက KIA ဧရိယာထဲမှာ လေနော်။ ဘာပဲပြောပြော ဒါက ယျေဘုယျ အားဖြင့်တော့ ဒါက မဖြစ်သင့်ဘူး”ဟု ပြောသည်။
ထိုသို့ သွားရောက်ရာတွင် တရားဝင်လမ်းကြောင်းမှတစ်ဆင့် လုံခြုံရေးဘက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြခဲ့ သည့် သာမက တရားဝင် ခရီးသွားလက်မှတ်များကိုပါ ယူဆောင်သွားခဲ့သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA/KIO ထိန်းချုပ်သည့် နယ်နိမိတ်ထဲတွင် နေထိုင်သည့်အတွက် ၁၇/၁ ဖြင့် ဖမ်းဆီး ပြစ်ဒဏ် ချမှတ်ခံရသည်ဟု ဆိုသည်။
ဖမ်းဆီးခံရစဉ်က ABSDF-NB မြောက်ပိုင်း ဒုဥက္ကဌ ဦးဆောင်ဆွေးဦး၊ ဗိုလ်မောင်ဦးနှင့် ဦးကိန်းမြင့်တို့ ၃ ဦး ဖြစ် ပြီး ဦးကိန်းမြင့်မှာ ပြစ်မှုထင်ရှားခြင်း မရှိသည့်အတွက် တရားသေလွှတ်မြောက်ခဲ့သည် ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ကလည်း ABSDF ဗဟိုကော်မတီဝင်ဖြစ်သည့် ဦးမင်းဌေးကို ဗန်း မော်-လွယ်ကျယ်လမ်းမှ ကျောင်းသားတပ်မတော် မြောက်ပိုင်း ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ပြန်လာစဉ် စိန်လုံ စစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးကာ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခဲ့သည်။
သို့သော် ရုံးတင်စစ်ဆေးပြီး ၈ လကျော်အကြာတွင် ပြန်လည်လွတ်ပေးခဲ့သည်။
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များအား ဥပဒေပုဒ်မများတပ်ကာ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခြင်းသည် လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ထိခိုက်နိုင်သည်ဟု PNLO က ပြောသည်။
“အဓိကကတော့ လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေကလည်း ကျနော်တို့ လက်မှတ်ရေးထိုးထားပြီးတော့ NCA မှာ ပါဝင် အကောင်အထည်ဖော်နေတဲ့သူတွေရဲ့ အခြေအနေကို ကြည့်နေတာဖြစ်ပါတယ်။ ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့ ကိစ္စမဟုတ်တော့ လက်မှတ်မရေးထိုးရသေးတဲ့သူတွေအနေနဲ့ကတော့ ဒီအပေါ်မှာ သတိကြီးစွာထားဖို့ဆိုတာမျိုး ဖြစ်သွားမှာပေါ့လေ”ဟု PNLO ဒု-ဥက္ကဌ ခွန်မြင့်ထွန်း က ပြောသည်။