နောက်တကြိမ်တွေ့ဆုံပွဲတွင် အပစ်ရပ်စာချုပ်နိုင်ရန် အလားအလာရှိကြောင်း မြောက်ပိုင်း မဟာမိတ်ဘက်မှပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ၊် ဧပြီလ ၃၀ ရက်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ်များ နောက်တ ကြိမ်ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းသွားမည်ဟု တအာန်း(ပလောင်ပြည်နယ်)လွတ်မြောက်ရေး တပ်ဦး (PSLF/ TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

“ဒီဆွေးေနွေးပွဲက နောက်တစ်ခါ တွေ့မယ်ဆိုရင် နှစ်ဘက်သဘောတူ (Bilateral) အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ကျနော်တို့ အပြီးသတ်ဆွေးနွေးကြမယ်။ လက်မှတ်ထိုးနိုင်အောင် ကျနော်တို့ ကြိုးစားကြမယ်။”

ဧပြီလ ၃၀ ရက်နေ့ (ယနေ့)တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရှိ မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေးအသင်း ခန်းမဆောင်တွင် NRPC နှင့် မြောက်ပိုင်းစစ်ရေး မဟာမိတ် ၄ ဖွဲ့တို့ တွေ့ဆုံမှုအပြီး သတင်းမီဒီယာများက မေးမြန်းရာတွင် ဗိုလ်မှူးချုပ် တားဘုန်းကျော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ဆွေးနွေးပွဲတွင် မြောက်ပိုင်း စစ်ရေး မဟာမိတ် ၄ ဖွဲ့မှ ၎င်းတို့ ပြင်ဆင်လာသည့် အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအား NRPC ထံသို့ပေးအပ်ခဲ့သည်ဟု သိရသည်။

“ဒီဘိုင်လယ်ထရယ်ကိစ္စကို ကျနော်တု့ိ NRPC က လက်ခံတယ် ဆွေးနွေးဖို့လက်ခံတယ် ဘိုင်လယ်ထရယ်ကို ကျနော်တို့ ဝိုင်းရအောင်လုပ်ကြမယ်။ အဲဒါကနေတစ်ဆင့် အပစ်ခတ်ရပ်စဲသွားမယ်ဆိုရင်တော့ ကျနော်တို့ တိုက်ပွဲတွေ ရပ်ပြီဆိုရင်တော့ ကျနော်တို့ နောက်ပိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပိုပြီးတော့လမ်းပွင့်သွားမယ်။ NCA ကို ကျနော်တို့ ဘယ်လိုပုံစံအနေအထားနဲ့လိုက်ပါမယ်ဆိုတာ ပိုပြီးမှ ရှင်းလင်းသွားလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော် က ပြောသည်။

ဆွေးနွေးပွဲမှ ရရှိလာသည့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် သဘောထားများကို နှစ်ဖက်တာဝန်ရှိသူများအား တင်ပြဆွေးနွေးပြီးပါက မေလအတွင်း ပြန်လည်တွေ့ဆုံနိုင်ရန် နေရာနှင့် အချိန်ကို သတ်မှတ်ကာ ဆက်လက်ဆွေးနွေးသွားကြမည်ဟု ပြောသည်။

“NRPC နဲ့ ဒီလေးဖွဲ့ကြားမှာ ကျနော်တို့ အမြန်ဆုံးတွေ့ဆုံဖို့ မူအားဖြင့် သဘောတူတယ်။ မေလထဲမှာ ကျနော်တို့ အမြန်ဆုံးတွေ့ဆုံဖို့ လုပ်မယ်။ တွေ့တဲ့အခါမှာ ကျနော်တို့ ၂ ဦး ၂ ဖက်ပေါ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီ ချက်တွေဆွေးနွေးဖို့ရှိပါတယ်” ဟု NRPC မှ ဦးဇော်ဌေး က ပြောသည်။

ယနေ့ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အပစ်ခတ်ရပ်စဲရေး ကိစ္စရပ်နှင့် ပတ်သက်သည့် သဘောထားများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသည့်အတွက် ကောင်းမွန်သည့်ရလာဒ်ထွက် ပေါ်ခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များ က ပြောသည်။

အစိုးရနှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ်တို့ ယနေ့တွေ့ဆုံမှုရလာဒ်သည် ယခင်တွေ့ဆုံမှုများကဲ့သို့ မဟုတ်ပဲ နောက်တစ်ကြိမ် ဆက်လက်တွေ့ ဆုံနိုင်ရန် တိကျသည့် အဖြေတစ်ခုကို ရရှိခဲ့သည့်အတွက် အတိုင်းအတာ တစ်ခုအထိ ကျေနပ်မှုကို ရရှိခဲ့သည်ဟု PSLF/TNLA က ပြောသည်။

မြန်မာ့တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် ရက္ခိုင့်တပ်မတော် ULA/AA ကလည်း ယနေ့တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ တိုးတက်မှု အနည်းငယ်ရသည်ဟု ပြောသည်။

“ဘိုင်လယ်ထရယ်ကိုဆက်ညှိမယ်ဆိုရင် တိုးတက်တဲ့ အပြုသဘောဆောင်တဲ့ ရလာဒ်ရတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ဒီနေ့ရခိုင်ဖက်မှာ ရခိုင်တပ်တော်နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲတွေဖြစ်နေတယ်။ ဆိုတော့ တစ်ဖက်မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ တစ်ဖက်မှာ ဆွေးနွေးမှုပြုတယ် ရလာဒ်ကောင်းတယ် နည်းနည်းတိုးတက်မှုတွေ ရှိလာတယ် ဆိုတော့ ဒီနှစ်ခုပေါ်မှာတော့ တစ်ဖက်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ် စားပွဲဝိုင်းမှာတော့ နည်းနည်းတိုးတက်မှုတွေ ရှိလာတယ်လို့တော့ အဲဒီအခြေအနေတော့ပြောလို့ရတယ်” ဟု ရက္ခိုင့် တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က NRPC နှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်က မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့မှ နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုလိုကြောင်း အစိုးရအား အဆိုပြုခဲ့သည်။

သို့သော် အပစ်ရပ်စာချုပ် ချုပ်ဆိုပါက တစ်ဖွဲ့ချင်းစီ ချုပ်ဆိုမည် မဟုတ်ပဲ မြောက်ပိုင်း စစ်ရေးမဟာမိတ် ၄ ဖွဲ့စလုံး တစ်နေရာတည်း တစ်ချိန်ထဲတွင် တစ်ပြိုင်နက်တည်း ချုပ်ဆိုသွားမည်ဟု မြောက်ပိုင်း စစ်ရေးမဟာမိတ် ခေါင်းဆောင်များက သတင်းမီဒီယာများအား ဖြေကြားထားသည်။

ယနေ့တွေ့ဆုံ ဆွေးနွေးပွဲသို့ မြောက်ပိုင်း စစ်ရေးမာဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် KIO/KIA မှ ဦးထိန်နန် (ဦးလနန်) ဦး ဆောင်သည့် ကိုယ်စားလှယ်များ၊ PSLF/ TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ULA/AA က ဒေါက်တာ ညိုထွန်းအောင်ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် MNTJP/MNDAA ကိုးကန့်အဖွဲ့မှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြပြီး NRPC မှ ဒု-ဥက္ကဌ ဦးသိန်းဇော် နှင့်အတူ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ နှင့် ဦးဇော်ဌေးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြောက်ပိုင်းစစ်ရေး မဟာမိတ်အဖွဲ့တွင် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/ AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNTJP/MN DAA ကိုးကန့်) ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF /TNLA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ပါဝင်သည်။