အပစ်ရပ်သက်တမ်းတိုး၊ ရခိုင်ဒေသ ပါဝင်ခြင်း မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်။

တပ်မတော်က အပစ်ခတ်ရပ်စဲရေးကာလ နှစ်လ ထပ်မံ သက်တမ်းတိုးလိုက်သော်လည်း လက်ရှိ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပါဝင်ခြင်းမရှိသည့်အတွက် အပစ်ရပ်ဆွေးနွေးပွဲများတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆွေးနွေးမှုများ အဓိကကျလာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက “တခြားအဖွဲ့တွေအပေါ်မှာတော့ သက်ရောက်မှုမရှိဘူး။ လောလောဆယ် သူတို့ မြောက်ပိုင်းလေးဖွဲ့ ညှိတဲ့ အချိန် မှာ အဓိက AA နဲ့ ညှိဖို့လိုအပ်နေတာကိုး။ AA က လောလောဆယ်မှာ မြောက်ပိုင်းမှာ ရှိနေတယ်ဆိုပေမယ့် သူ့ရဲ့ တပ်ဖွဲ့တွေက ရခိုင်မှာ ရောက်နေတာကိုး။ ရခိုင်မှာ ရောက်ပြီး တိုက်ပွဲဖြစ်နေတော့ ရခိုင်ရောက်နေတဲ့ AA တပ်ဖွဲ့ တွေနဲ့ ပတ်သက်ပြီး ဘယ်လိုညှိနှိုင်းမလဲဆိုတာက အရေးကြီးမယ်လို့ ထင်ပါတယ်။” ဟု ပြောသည်။

တပ်မတော်မှ စစ်တိုင်း (၅) တိုင်းအား အပစ်ခတ်ရပ်စဲရေးကာလ နှစ်လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“လောလောဆယ် ဇွန်လ ၃၀ ရက်နေ့အထိ နှစ်လထပ်တိုးတယ်ဆိုတာကတော့ မှန်ပါတယ်။ လောလောဆယ် နှစ်လတိုးတာကတော့ စစ်တိုင်း (၅) တိုင်းနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ပဲ တိုးတာကိုး။ ရခိုင်မှာ ကျန်နေတော့ ရခိုင်က ပြဿနာကို ဆက်ဆွေးနွေးဖို့ ရှိနေတာပေါ့” ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။

ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေးဦးတည်လျှက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်းနှင့် ကြိဂံဒေသတိုင်း စစ် ဌာနချုပ်နယ်မြေများတွင် ဧပြီလ ၃၀ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုုပ်ရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးရပ်ဆိုင်းပြီး အပစ်အခတ်ရပ်စဲရေး ကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ KIA၊ TNLAနှင့် MNDAA တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသေဘာတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုလာခြင်းကြောင့် သက်တမ်းထပ်မံ တိုးမြှင့်ပေးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဧပြီလ ၃၀ ရက်နေ့ (ယနေ့)တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေးအသင်း ခန်းမဆောင်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်း စစ်ရေး မဟာမိတ် ၄ ဖွဲ့တို့ တွေ့ဆုံမှုအပြီးနောက် တပ်မတော်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နောက်တကြိမ် NRPC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တွေ့ဆုံအပြီးတွင် နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် အလားအလာရှိသည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များက ပြောဆိုထားသည်။

NRPC နှင့် မြောက်ပိုင်းစစ်ရေးမဟာမိတ် ၄ ဖွဲ့တို့အကြား တွေ့ဆုံမှုရလာဒ်အပေါ်မူတည်ပြီး တပ်မတော်၏ အပစ်ရပ်ကာလ သတ်မှတ်ချက် အထောက်အကူဖြစ်နိုင်သည်ဟု NRPC က ပြောသည်။

အဆိုပါတွေ့ဆုံပွဲအပြီးတွင် NRPC မှ ဦးဇော်ဌေးကလည်း “တပ်မတော်ကကြေငြာထားတဲ့ အပစ်ရပ်လေးလကာလ မပြီးဆုံးခင်မှာပေါ့နော်။ ဒါမျိုးအဆင့် ဆွေးနွေးနိုင်တယ် ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့အတွက် ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမယ်လို့တော့ ကျနော်တို့က ယုံကြည်တယ်။ အဓိက တပ်မ တော်ဘက်ကလည်း သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ပြောထားတာရှိတယ်။ ဒီကျနော်တို့ ဆွေးနွေးတွေရှိတယ်။ ဆွေးနွေးမှုတွေရှိတဲ့အပေါ်မှာ တိုးတက်မှုရလာဒ်အပေါ်မှာလည်း မူတည်တယ်၊ အဲ့အပေါ်မှာ တပ်မတော်ဘက်က ခေါင်းဆောင်တွေက ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်တိုင်း (၅) ခုတွင် စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းခဲ့ချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရခိုင်ပြည်နယ်) မပါဝင်ခဲ့သလို ယခုအကြိမ်တွင်လည်း ရခိုင်ပြည်နယ်မပါဝင်ပေ။

ရခိုင်ပြည်နယ်အတွင်းက လက်ရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ AA ပြောခွင့်ရ ဗိုလ်မှူးကြီးကျော်ဟန်က “ကျနော်တို့ ဒီနေ့ရခိုင်ဖက်မှာ ရခိုင်တပ်တော်နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲတွေဖြစ်နေတယ်။ ဆိုတော့ တစ်ဖက် မှာ တိုက်ပွဲတွေဖြစ်နေတယ် တစ်ဖက်မှာ ဆွေးနွေးမှုပြုတယ် ရလဒ်ကောင်းတယ် နည်းနည်းတိုးတက်မှုတွေရှိလာတယ်” ဟု မူဆယ်တွေ့ဆုံပွဲအပြီး သတင်းထောက်များအား ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲမှ ရရှိလာသည့် အပစ်ခတ်ခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် သဘောထားများကို နှစ်ဖက်တာဝန်ရှိသူများအား တင်ပြဆွေးနွေးပြီးပါက မေလအတွင်း ပြန်လည်တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပြီး ယနေ့တွေ့ဆုံမှုအပေါ် နှစ်ဘက်တာဝန်ရှိသူများက အားရကျေနပ်သည်ဟု ပြောသည်။

ဧပြီလ ၂၄ ရက်နေက မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်မတော် AA အား စစ်ရေးအရှိအဟုန်မြှင့်ကာ တိုက်ခိုက် နေမှုများအား ဆက်လက်လုပ်ဆောင်မည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည်များ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း စစ်ရေးမဟာမိတ်အဖွဲ့ သုံးဖွဲ့ ဖြစ်သည့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/ AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNTJP/MN DAA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF /TNLA)တို့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ ၃ ဖွဲ့က တပ်မတော်မှ ရက္ခိုင့်တပ်မတော် AA အား အင်အားအ လွန်အကျွံသုံးကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့် ရခိုင်ပြည်သူလူထု အရပ်သား ပစ်မှတ်များကို တိုက်ခိုက်နေခြင်းအား ချွင်းချက်မရှိ ချက်ချင်း ရပ်တန့် ပေးရန် ထုတ်ပြန်တောင်းဆိုထားသည်။