သွားလာခွင့်မရ၍ ရခိုင် ရွာသား ၂၆၀၀ ကျော် အခက်အခဲတွေ့နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ မသင်္ကာသူများကို စစ်ဆေးနေသည့် ကျေးရွာတွင် တပ်အင်အား တိုးချဲ့ချထားပြီး သွားလာခွင့်များပိတ်ထားသည့်အတွက် ရွာသား ၂၆၀၀ ကျော် စားနပ်ရိက္ခာအခက်အခဲနှင့် ကြုံနေရသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ရွာအခြေအနေက ပိုပိုဆိုးလာတယ်။ အခုထက်ထိ ထမင်းငတ်နေကြတယ်။ တပ်မတော်ကလည်း ဒီနေ့ပဲ နောက်ထပ် အင်အားတိုးတယ်။ ၈၀ လောက်လာပြီး အင်အားတိုးထားတယ်။ ဘူးသီးတောင်ကလာပြီး ထပ်ပြီးအင်အားတိုးတယ်။ လူတွေက လုံးဝအပြင်လည်းထွက်လို့မရ၊ အပြင်ကလူလည်း ဝင်လို့မရ၊ စားစရာ သောက်စရာလည်းမရှိ ထမင်းငတ်နေကြပါတယ်။ ကျောင်းမှာ ဖမ်းထားတာက ၈၃ ယောက်ကျန်သေးတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
စားနပ်ရိက္ခာအခက်အခဲ၊ သောက်ရေအခက်အခဲများ ကြုံနေရသည်ဟု ဒေသခံများကပြောသည်။ ဒေသခံ ရွာသားများအား ရွာအပြင်ထွက်ခွင့်ပိတ်ပင်ထားသည့်အပြင် ရွာအတွင်းသို့ အပြင်မှ လူများအား ဝင်ရောက်ခွင့်များကို အထူးကြပ်မတ်ကာ ပိတ်ပင်ထားသည်ဟု ပြောသည်။
ထို့အပြင် ဖုန်းပြောဆိုခွင့်များကိုပါ ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။
“အပြင်ကိုလည်း ဆက်သွယ်လို့မခိုင်းဘူး။ ဖုန်းတွေပိတ်ပြီးသိမ်းထားရတယ်။ ဖုန်းတောင် ပြောခွင့်မပေးဘူး။ လောလောဆယ်တော့ ရှိတဲ့ဟာလေးကို မျှပြီး တစ်ရွာလုံးစားနေရပါတယ်။ ရေလည်း အခက်အခဲဖြစ်နေတယ်။ ရေကလည်း ရွာက ရေကန်တွေမှာ ရေမရှိလို့ အပြင်က ရှာပြီးခက်ရတာ။ အခုက အပြင်ထွက်လို့မရလို့ ရေ လည်း မချိုးရ၊ သောက်ရေမလုံလောက် စားနပ်ရိက္ခာမလုံလောက် အဲ့လိုမျိုးမျိုးဖြစ်နေပါတယ်ခင်ဗျ။ ဘုန်းကြီးတွေ ရွာထဲလာပြီး ကျန်တဲ့လူတွေလွှတ်ပေးဖို့ပြောတယ်။ တပ်မတော် ဘက်ကိုညှိတာလည်း လက်မခံပါဘူး။” ဟု အဆိုပါ ဒေသခံက ၎င်းတို့ကြုံနေရ သည့် အခက်အခဲများကို ပြောပြသည်။
ယခုရက်ပိုင်းအတွင်း ရဟန်းတော်အချို့ ကျောက်တန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာသားများအား လွှတ်ပေးရန်နှင့် ပိတ်ပင်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများအား သွားရောက်တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ မလွတ်မြောက်လာသေးသူများရှိနေဆဲဖြစ်ပြီး၊ ရွာသားများအားလည်း သွားလာခွင့်များ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖမ်းဆီးထားသည့် ရွာသား ၂၇၅ ဦး အနက် ၁၀၀ ကျော်ကို မေ ၃ ရက်နေ့က လွတ်ပေးခဲ့ပြီး၊ ယမန်နေ့က ၄၈ ဦး ထပ်မံလွတ်ပေးခဲ့သည်။
ကျန်ရှိနေသည့် လူဦးရေ ၈၃ ဦး အား ကျေးရွာအထကကျောင်းအတွင်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးဘူးဟု ပြောသည်။
ထို့အပြင် မေလ (၂) ရက်နေ့က ကျေးရွာသားများအား စစ်ဆေးစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် (၆) ဦး သေဆုံး ပြီး (၈)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြားမှ တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြား ဒေသခံ အရပ်သားပြည်သူများအနေဖြင့် အခြေခံလူ့အခွင့်အရေးမျိုး ဆိုးရွာစွာ ဆုံးရှုံးနေရကြောင်း၊ ထို့ကြောင့် တည်ဆဲဥပဒေများအား အာဏာပိုင်အဆင့်ဆင့်အနေဖြင့် လေးစားလိုက်နာဖို့ လိုအပ်သည်ဟု ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
“AA နဲ့ ဆက်သွယ်မှုရှိမရှိ စစ်တယ်ဆိုပေမယ့် ဒီလောက်ထိစစ်ဖို့မလိုဘူးလေ။ စစ်မယ့် နေရာလည်းမဟုတ်ဘူး လေ။ စစ်မယ်ဆိုရင်လည်း စစ်မယ့်နေရာတွေက သက်သက်ရှိတယ်လေ။ ရဲစခန်းတို့ဘာတို့၊ တပ်မှာစစ်မယ်ဆို လည်း တပ်ထဲမှာ သက်သက်ရှိတယ်လေ။ အခုကျတော့ ရွာကိုလည်း ပိတ်ဆို့ထားတယ်ဆိုတော့ တခြားရည် ရွယ်ချက်တွေလည်း ရှိနိုင်တယ်။ တပတ်ကျော်ပြီလေ၊ ဒီလိုဖမ်းပြီးစစ်နေတာ ဒါမျိုးက ကြားလည်းမကြားဖူးဘူး။ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေရှိတယ်လေ။ အခုကရွာသားတွေက ဒုက္ခသည်ဖြစ်နေပေမယ့် ဘာမှပို့ခွင့် ပေးခွင့်မရဘူးဆိုတော့ ပိုပြီး အခက်အခဲတွေ ရှိနေတယ်။ ကျနော်တို့လည်း ကြိုးစားတာပဲ၊ စစ်ဖြစ်တဲ့ နေရာတွေဆိုတော့ လွှတ်တော်တို့ လွှတ်တော်အမတ်တို့က ပြောလို့မရဘူးဖြစ်နေတယ်။”
ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားပါတီ(ALP) အပြစ်မဲ့ပြည်သူများအပေါ် ပစ်ခတ် တိုက်ခိုက်ခံနေရမဥများနှင့် ဒေသခံများကြုံနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား လွှတ်တော် အတွင်း တင်ပြမှုများ၊ ဖြေရှင်းပေးရန် တောင်းဆိုမှုများ အဆိုပြုခြင်း၊ ထုတ်ပြန်ချက်များ ထုတ်ခြင်း၊ အိတ်ဖွင့် ပေးစာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများကို ကိုင်တွယ်ဖြေ ရှင်းရန် အခက်အခဲများရှိနေသည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အခုက အဲ့အခြေအနေကိုပဲ စိုးရိမ်နေရတယ်။ ဒီစစ်ပွဲ က အရပ်သားအစိုးရကလည်း တိုက်ခိုက်တာပဲလေ။ အကြမ်းဖက်လို့သတ်မှတ်ထားတယ်။ တပ်မတော်ကလည်း အဖြူရောင်နယ်မြေဆိုပြီးတော့ AA အဖွဲ့ရှိတာ လက်မခံနိုင်ဘူးဆိုတာမျိုး၊ အဲ့ဒီကြားထဲမှာ လွှတ်တော်အမတ် တွေက အလုပ်လုပ်ရတာ တော်တော်ခက်တယ်။ ဒီလောက် ဆင်ကြီးတွေအပေါ်ကဆိုတော့ ဘယ်သူက ဘယ် လောက်လုပ်လို့ရတော့မှာလဲ” ဟု ပြောသည်။
ယနေ့တွင် ရခိုင်အမျိုးသားပါတီ (ALP) မှ တာဝန်ရှိသူများ ကျောက်တန်းကျေးရွာသို့သွားရောက်ပြီး အခြေအနေ များအား သွားရောက်ကြည့်ရှုရန်နှင့် ဒေသခံများအား သွားရောက်ကူညီရန် အစီအစဉ်များရှိနေသည်ဟု သတင်း များထွက်ပေါ်နေသော်လည်း အခြေအနေအသေးစိတ်ကို မသိရေသေးပေ။