ကျောက်တန်းရွာမှ ရွာသား ၃၅ ဦးကို တပ်မတော်မှ ထပ်မံလွှတ်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် တပ်မတော်က ခေါ်ယူစစ်ဆေးနေသူများထဲမှ မေလ ၈ ရက်နေ့ (ယနေ့) တွင် ၃၅ ဦး ထပ်မံလွတ်မြောက်လာပြီး သူပုန်နှင့် ဆက်နွယ်သည်ဟု ယူဆသူ ၄ ဦးကို စစ်တွေရဲစခန်းကို ပို့လိုက်ပြီဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“ဒီနေ့ပဲ ၃၅ ယောက် ထပ်ပြီးလွတ်လာတယ်။ ၄၀ ကျော်ကတော့ မလွတ်သေးဘူး။ စစ်နေတုန်းပဲ။ နောက်ပြီး ၄ ယောက်ကတော့ AA နဲ့ ပတ်သက်လို့ဆိုပြီး စစ်တွေရဲစခန်းကို ပို့လိုက်တယ်။ အခုထက်ထိတော့ ရွာကလူတွေက အပြင်ကို ထွက်လို့မရသေးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ဆေးမေးမြန်းရန် ကျန်ရှိသူ ၈၃ ဦးအား ဥပဒေနှင့်အညီ အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆောက်ရွက်ခဲ့ရာ သိန်းအေးမောင်(၁၇)နှစ်၊ စိုးဝင်းကျော် (၂၈) နှစ်၊ မောင်မောင်လှိုင် (၂၉)နှစ်၊ ညီညီဌေး (၃၀)နှစ်နှင့် သံသ ယရှိသူ ၂ ဦး ၊ စုစုပေါင်း (၆) ဦးတို့မှာ ရက္ခိုင့်တပ်မတော် AA မှဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံခဲ့သည့်တွက် တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စစ်တွေမြို့သို့ ခေါ်ယူသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ (၈) ရက် နေ့ ယနေ့တွင် ထုတ်ပြန်ထားသည်။

သို့သော်လည်း အဆိုပါ ရွာသားများမှာ ရက္ခိုင့်တပ်မတော် (AA) မှ မဟုတ်ကြောင်း၊ သာမန်ရွာသားများသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ရွာမှာ AA က တစ်ယောက်မှ မရှိဘူး။ အကုန်လုံးရွာသားတွေပါပဲ။ တကယ်က သူတို့မှာ အိမ်ထောင် စုစာရင်းမှာ မရှိလို့ပါ၊ အိမ်ထောင်စုစာရင်းက မလုပ်ထားရဘူး။ AA နဲ့လည်း အဆက်အသွယ် မရှိပါဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆက်ပြောသည်။

ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ် နှင့် ၅၀ နှစ်ကြား အမျိုးသားများကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က စတင်ပြီး တပ်မတော်က ကျေးရွာအထကကျောင်းတွင် AA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးခဲ့ရာ မေလ ၂ ရက် နေ့က ပထမအသုတ်အနေဖြင့် ၁၂၆ ဦး၊ မေလ ၆ ရက်နေ့က ဒုတိယအသုတ်အနေဖြင့် ၄၈ ဦးနှင့် ယနေ့ ညနေပိုင်းက တတိယအသုတ်အနေဖြင့် ၃၅ ဦးကို ထပ်မံလွတ်ပေးခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “လောလောဆယ်မှာတော့ ရွာသားတွေက အပြင်ကို သွားလို့လာလို့ မရသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသေးပါတယ်။ အန်တီတို့ဆီမှာ ဒီပြည်သူတွေကတော့ တောတောင်တွေကို မှီရတယ်။ အခုက အစစအရာရာ ဒုက္ခရောက်တယ်။ အခုက ရွာထဲကနေ ရွာပြင် မသွားရ၊ တခြားနေရာကို မသွားရဘူးဆိုတာ သူတို့ရဲစားဝတ်နေရေး၊ စီးပွားရေး တစတစနဲ့ ဆုတ်ယုတ်လာတယ်။ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်နေတာကို အန်တီတို့လည်း မခံစားနိုင်ဘူး” ဟု ပြောသည်။

တပ်မတော်က စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဥပဒေဘောင်အတွင်းက လုပ်ဆောင်မှုဖို့လိုအပ်ကြောင်း၊ ကျောက်တန်းဖြစ်စဉ်အတွင်း အပြစ်မဲ့ရွာသားများ အသက်ဆုံးရှုံးခဲ့ရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံ နေရခြင်းများသည် လုံးဝမဖြစ်သင့်ကြောင်း ဒေါ်ခင်စောဝေက ဆက်ပြောသည်။

“အဲ့ဒီအတွက်ကြောင့် သူတို့က ပြောတယ် ဘူးသီးတောင်ဘက်မှာ တိုက်ပွဲဖြစ်တယ်၊ အနီးအနားမှာ တိုက်ပွဲဖြစ် တယ် အဲ့ဒါ AA က လူတွေ ကျောက်တန်းဘက်ကို ဝင်သွားတာ တွေ့လို့ ဒီလိုစစ်ဆေးရတယ်လို့ပြောတယ်။ ဒါ့ကြောင့် သက်သေခိုင်ခိုင်မာမာရှိရင် အဲ့ဒီလူကို ဥပဒေအရ ဥပဒေဘောင်အတွင်းကနေ အရေးယူဖို့လိုတယ်။ အရေးလည်းယူကို ယူရမယ်။ အဲ့ဒီတော့ အခုက စစ်ဆေးနေရင်းကနေ လူ ၆ ဦး သေတယ်၊ ၈ ဦး ဒဏ်ရာ ရ တယ်။ အဲ့လိုမဖြစ်သင့်ဘူး။ ဒါကြောင့် နိုင်ငံရေးအရ နိုင်ငံရေးစားပွဲဝိုင်းမှာပြောပါနော်။ ရခိုင်ဘက်ကလည်း အရင်က အဖြူရောင်နယ်မြေဆိုပေမယ့် ရခိုင်ဘက်ကလည်း လက်နက်ကိုင်တောင်းဆိုတာတွေ ရှိလာတာကို တော့ လက်နက်ကိုင်နဲ့ ဖြေရှင်းကြပေါ့။ ဒါပေမယ့်လည်း ကြားမှာမြေစာပင် ပြည်သူတွေက တော်တော်လေး ဒုက္ခရောက်တယ်။”

ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ကျောက်တန်းဖြစ်စဉ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ရွာသား (၆) ဦးသေဆုံးမှု၊ (၈) ဦး ဒဏ်ရာရရှိခဲ့မှုများနှင့် အပြစ်မဲ့ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက် အဖြစ်မှန်အား စစ်းဆေးအရေးယူပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်တို့အား မေလ (၂) ရက်နေ့က တိုင်ကြားစာ ပေးပို့ထားသည်။

ပြီးခဲ့သည့် ဧပြီလ (၁၀) ရက်နေ့ကလည်း တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် မြောက်ဦးမြို့ ၊ လက္ကားကျေးရွာမှ ရွာသား (၂၇) ဦးအနက် (၃) ဦး သေဆုံးခဲ့ပါသေးသည်။