မွန်နိုင်ငံရေး ပါတီများ ပူးပေါင်းထားသော မွန်ညီညွတ်ရေးပါတီ ဖွဲ့စည်းခွင့်ရပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ မွန်ညီညွှတ်ရေးပါတီအဖြစ် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က တည်ထောင်ဖွဲ့စည်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

“မနေ့က (မေ ၁၇) ကော်မရှင်ကနေ စာရောက်လာပါတယ်၊ ပေါင်းစည်းခွင့်ရော တည်ထောင်ခွင့်ရော ကျလာပြီ၊ ပေါင်းစည်းခွင့် တည်ထောင်ခွင့်ကျပြီးဆိုတော့ ပါတီမှတ်ပုံတင်ကို လာမယ့်အပတ်မှာ တင်သွားမယ် မှတ်ပုံတင်ဖို့အတွက်ကိုလည်း အားလုံး ပြင်ဆင်ထားပြီးသားပါ”

ပါတီတည်ထောင်ခွင့်လျှောက်စက မွန်ပါတီအမည်ဖြင့် လျှောက်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့သောကြောင့် ပါတီတည်ထောင်သူတို့က မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြန်လည်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မွန်နှစ်ပါတီ ပေါင်းစည်းပြီး မွန်ညီညွှတ်ရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပါတီတည်ထောင် ဖွဲ့စည်းခွင့်လျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုကြောင်း ပါတီကို အကြောင်းကြားခဲ့သည်ဟု နိုင်စံတင်က ပြောသည်။

ပါတီတည်ထောင်ခွင့်ရရှိသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၆ နှင့်အညီ ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးတို့ကို ရွေးချယ်ပြီး ရက်ပေါင်း ၃၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်ရမည်ဖြစ်သည်။

မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေးအင်အားစုများဖြင့် ပေါင်းစည်းဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် ၁၄၀ ဦး ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဌအဖွဲ့ ၄ ဦး၊ အတွင်း ရေးမှူးအဖွဲ့ ၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

မွန်ညီညွတ်ရေးပါတီသို့ ကျန်ရှိနေသေးသည့် မွန်အင်အားစုများ ပါဝင်လာနိုင်ရန်လည်း ပါတီခေါင်းဆောင်တို့က ကြိုးပမ်းလျက်ရှိသည့်အပြင် မွန်လူငယ်များ မွန်အမျိုးသမီးများ ပါဝင်လာစေရန်လည်း လမ်းဖွင့်ပေးထားသည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

အလားတူ ကချင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-ကချင်ပြည်နယ် UDPKS တို့ကိုလည်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (Kachin State People’s Party)’ အမည်နဲ့ တရားဝင်ပါတီ တည်ထောင်ခွင့်ပြုလိုက်ပြီဖြစ်ပြီး မေလ နောက်ဆုံးအပတ်ထဲတွင် ပြည်သူများအား တရားဝင်အသိပေးခြင်း အခမ်းအနားပြုလုပ်ရန်ရှိသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။