ကြေးရုပ်ရွှေ့ပြောင်းရေးတွင် ဦးဆောင်ခဲ့သော လူငယ် ၆ ဦးကို ပြည်နယ် အစိုးရတရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်နေ့။

ကရင်နီလူငယ် (၆) ဦးကို ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁၀) နှင့် လွိုင်ကော်မြို့မ ရဲစခန်းတွင် အမှုဖွင့်ခံထားသည်ဟု ပြောသည်။

“ဟုတ်တယ်၊ ကျနော်တို့ကို အမှုဖွင့်ထားတယ်လို့တော့ ပြောတယ်။ သတင်းတွေထွက်နေတာပေါ့နော်။ ကျနော်တို့ဆီက ဒီ KT ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ ရဲမှူးကြီးက ဖြေတာရှိတယ်။ အမှုလာဖွင့်ထားတယ်ဆိုတာကို။ ဒါပေမယ့် ရဲစခန်းတို့ကနေတော့ ဘာမှ အကြောင်းမကြားလာသေးဘူး။ ဆင့်ခေါ်စာတွေ ဘာတွေတော့ မရောက်သေးပါဘူး”ဟု ကရင်နီလူငယ် ခွန်းသောမတ် က ပြောသည်။

ယခုလို လူငယ် (၆) ဦးကို တရားစွဲဆိုသည့် သတင်းမှာ ပြန်နယ် အစိုးရနှင့် လူငယ်အင်အားစုများအကြား ဆွေးနွေးပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီကြေးရုပ်ကို ရွှေ့မပေးနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစည်းအဝေး ပျက်ပြားသွားခဲ့ပြီးသည့်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်၊ စီမံရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကြောင့် တိုင်းရင်းသားအချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံးညီညွှတ်မှုများ ပြိုကွဲစေပြီး ကရင်နီသမိုင်းအားလည်း ပျက်ပြားစေသည်ဟု ကရင်နီတိုင်းရင်းသား လူငယ် (၆) ဦးက မတ်လ ၂၅ ရက်နေ့တွင် လက်မှတ်ထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ယခုကဲ့သို့ တရားစွဲ ဆိုခံရခြင်းဖြစ်သည်ဟု လူငယ်များက ပြောသည်။

မတ် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်မှာ ကရင်နီပြည်လူငယ်များ အင်အားစုနှင့် မသက် ဆိုင်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုကြောင်း၊ ကရင်နီလူငယ်များဖြစ်သည့် ခူးကြူးဖဲကေး၊ ခူးရီဒူ၊ ခွန်းသောမတ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ (၆) ဦး၏ သဘောထားများသာ ဖြစ်ကြောင်း ကြေ ညာချက်ထုတ်ပြန်ရာတွင် ပါဝင်သူများက ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှိုး၊ စီမံ ဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့မှာ နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင် နီအမျိုးသားသစ္စာဖောက်များနှင့် တိုင်းရင်းသားများကြား သွေးစည်းချစ်ကြည်ရေး၏ ရန်သူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“အခုကြေးရုပ်ပြဿနာနဲ့ ပတ်သက်ပြီးတော့ အဓိက တရားခံတွေက ဘယ်သူလဲဆိုတာ ကျနော်တို့ အများပြည် သူကို သိအောင်ပေါ့နော် အဲဒီလိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ထောက်ခံတဲ့ အုပ်စုက ကိုယ့်ပြည်နယ်ရဲ့ သမိုင်း ကြောင်းမှန်ကို သေသေချာချာ မသိတာရယ် နိုင်ငံရေး အတွေးအခေါ်အရ မရှင်းမလင်းတာရှိတယ် နောက် သမိုင်းတစ်လျှောက် ကျနော်တို့ ဦးနှောက်အဆေးခံထားရတဲ့ အောက်ကလူတွေဖြစ်တယ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ အကျိုးစီးပွားကိစ္စရှိတာပေါ့လေနော်။ အကျိုးစီးပွားဆိုတဲ့နေရာမှာ အခုလို ကန့်ကွက်လိုက်ရင် ငါတို့ ပြဿနာတက်မလား ကျနော်တို့ လုပ်ပိုင်ခွင့်ရှိနေတဲ့ဟာတွေ ရှုံးဆုံးသွားမလားဆိုတဲ့ အုပ်စုတွေပဲဖြစ်တယ် ပေါ့ နော်” ဟု ထုတ်ပြန်ချက်ထဲတွင် ပါဝင်လက်မှတ်ရေးထိုးသူ ကရင်နီလူငယ် ကိုဒီးဒီ က ပြောသည်။

ကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှစတင် ဗိုလ်ချုပ်ကြေးရုပ်အား တည်ဆောက်ရန်အစပြုချိန်မှစ၍ ပြည် နယ်အတွင်းရှိ ပြည်သူလူထုများအကြား သွေးကွဲစေခဲ့ပြီး ပဋိပက္ခအသွင်သို့ ရောက်ရှိလာသည့် အနေအထားများ ဖြစ်ပေါ်နေသည်ဟု ကရင်နီလူငယ်များက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်သည့် ကရင်နီလူငယ်များအား လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ခိုက် ခြင်းများအပြင် ကရင်နီလူမျိုးများနှင့် ဗိုလ်ချုပ်ကြေးရုပ် လက်ခံသည့် အခြားသော လူမျိုးများကြားလည်း သွေး ကွဲမှုများ ရှိလာနေသည်ဟု လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် ကရင်နီလူငယ် ခွန်းသောမတ် က ပြော သည်။

“ကြေးရုပ်ကို ထောက်ခံတဲ့ အုပ်စုနဲ့ ကြေးရုပ်ကို ကန့်ကွက်တဲ့အုပ်စု ကျယ်ကျယ်ပြန့်ပြန်လေး ဖြစ်လာတဲ့ကိစ္စ ပေါ့။ ဆိုတော့ ကျနော်တို့ လူမျိုးရေး ပြဿနာအထိပါ ဖြစ်လာတယ်ပေါ့နော်။ ကျနော်တို့ ပြည်နယ်မှာ တည် ဆောက်ဖို့ ကြိုးစားနေတဲ့ လူတွေအားလုံးက ဗမာ တိုင်းရင်းသားတွေဆိုတော့ ဗမာတိုင်းရင်းသားနဲ့ ကျနော်တို့ ကြားမှာ အပေးအယူမတည့်တော့ဘူး။ ပြီးတော့ ဗမာတိုင်း ရင်းသားတွေနဲ့ ဒီမှာရှိတဲ့ဌာနေတိုင်းရင်းသားတွေနဲ့ အဓိကကတော့ ငြင်းခုန်ကြတယ်၊ စကားများကြတဲ့ အနေ အထားတွေရှိလာတယ်” ဟုပြောသည်။

ကယားပြည်နယ်တွင် မေလ ၁၄ ရက်နေ့ ပျက်သွားခဲ့ရသည့် ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့ရေးအစည်းအဝေး အပြီး အရေးပေါ်အခြေအနေဟု ထုတ်ပြန်ကာ ကြေးရုပ်အနီးတွင်လည်း လုံခြုံရေးများ တိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောသည်။

“ပြည်နယ်အစိုးရက သူတို့ရဲ့ ဌာနအသီးသီးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုကအစ လိပ်မူပြီးတော့ အရေးကြီး တဲ့အခြေအနေ၊ အချိန်၊ ထူးခြားဖြစ်စဉ်တစ်ခုခုဖြစ်ရင် အကြောင်းကြားဖို့ ထုတ်ပြန်ထားတာရှိပါတယ်။ ပန်းခြံ နေရာပတ်ပတ်လည်မှာလည်း လုံခြုံရေးတိုးချဲ့ထားတယ်။ တော်တော်တင်းကြပ်ထားတယ်။ သံဆူးကြိုးတွေ အထပ်ထပ်နဲ့ လမ်းကြိုကြားတွေမှာလည်း လုံခြုံရေးထားတာရှိတယ်။ ဒီနေ့ အခုအချိန်ထိပေါ့။ ကျနော်တို့ ကြေး ရုပ်ကိစ္စနဲ့ပတ်သက်ပြီး လုပ်လာခဲ့သော် ချက်ချင်းဖမ်းဆီးအရေးယူဖို့၊ နှိမ်နှင်းဖို့ အဲ့ဒီအတွက် လုပ်ထားတယ်လို့ပဲ ယူဆပါတယ်” ဟု ခွန်းသောမတ် က ဆက်ပြောသည်။

ကယားပြည်နယ်အစိုးရ၊ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးနှင့် လွိုင်ကော်မြို့မှ ရဲစခန်းတို့အား လူငယ် (၆) ဦး အမှု ဖွင့်ခံထားရမှု၊ လက်ရှိ အရေးပေါ်အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်အား အတင်းအဓမ္မတည်ဆောက်ခဲ့ခြင်း၊ ကန့်ကွက်သော လူငယ်များနှင့် ဒေသခံများအား ဖမ်းဆီးတရားစွဲခြင်း၊ ဆန္ဒထုတ်ဖော်သော ပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ စစ်တပ်အင်အားသုံး၍ ခြိမ်းခြောက်ခြင်း စသည့် အာဏာရှင်ဆန်သည့် လုပ်ရပ် များအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျူးလွန်ခဲ့သည့်အတွက် ၎င်းနေ့ရက်အား ကရင်နီပြည် လူထုအရေးတော်ပုံနေ့အဖြစ် တရားဝင်ကြေညာလိုက်သည်။

ကရင်နီပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေရသော အဆိုပါပြဿနာများ ဖြေရှင်းရန် အဓိကအချက်မှာ ကရင်နီ လူငယ်များနှင့် ပြည်သူများ တောင်းဆိုနေသည့်အတိုင်းဗိုလ်ချုပ်ကြေးရုပ်အား ဖျက်သိမ်းပေးရန်နှင့် နေရာပြောင်းရွှေ့ပေးရန်သာ လိုအပ်သည်ဟု ကရင်နီလူငယ်များက ပြောသည်။