လွိုင်ကော် တောင်သူများကို ရဲက သန်းခေါင်ကျော်အချိန်တွင် ဝင်ရောက်ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာမှ စစ်တပ်က သိမ်းဆည်းထားသော မြေယာများကို ပြန်လည်ရယူရန် ကြိုးပမ်းသော တောင်သူတစ်ဦးနှင့် ဖြစ်စဉ်အချက်အလက်များအား သွားရောက်မှတ်တမ်းယူသည့်  ပြည်နယ်လွှတ်တော် ကော်မတီ အဖွဲ့ဝင် တစ်ဦးတို့အား ယမန်နေ့ည သန်းခေါင်ကျော် အချိန်ခန့်က နေအိမ်များတွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂက ပြောသည်။

“မနေ့ည ညသန်းခေါင်ယံလောက်မှာ ရဲအင်အားအလုံးအရင်းနဲ့ ဒေါမူကလားက တောင်သူတစ်ဦးနဲ့ သုံးမိုင်က နောက်တစ်ဦးကို ဖမ်းသွားတာပါ” ဟု ကရင်နီပြည်တောင်သူ သမဂ္ဂ က ဥက္ကဋ္ဌ ခူးတူရယ်က ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဦးကိုရယ်စိုးညွန့်နှင့် ဦးရှားရယ်တို့ ဖြစ်သည်။

ဦးကိုရယ်စိုးညွန့်မှာ ပြည်နယ်တည်ငြိမ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ဦးရှားရယ်မှာ ဒေါမူကလား ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

“ဦးကိုရယ်စိုးညွှန့်က တာဝန်နဲ့သွားတာပါ။ ပြောမယ်ဆိုရင် သူ့မှာလည်း တာဝန်ရှိတယ်လေ ဒီအပေါ်မှာလေ။ သူက ပြည်သူတွေတရားဥပဒေ စိုးမိုးရေးအနေနဲ့ အချက်အလက်တွေ သွားယူတာဖြစ်တယ်” ဟု ခူးတူရယ်က ပြောသည်။

ယမန်နေ့က ဒေါမူကလားကျေးရွာမှ တောင်သူများက အခင်းဖြစ်ပွားသည့်နေရာတွင် မကျူးကျော်ရ၊ ဤတောင် ယာများသည် မူရင်းပိုင်ရှင်များရှိသည် ဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီး နှင့် နယ်မြေခံတပ်ရင်းဘက်ကလည်း တပ်နယ်မြေ၊ မကျူးကျော်ရ ဆိုကာ စစ်တပ်နှင့် တောင်သူများအကြား အခြေအတင်ဖြစ်ခဲ့ကြသည်။

တောင်သူ ၂၀၀ နီးပါးခန့်နှင့် ခမရတပ်ရင်း အမှတ် (၂၅၀)နှင့် အမြှောက်တပ်ရင်း အမှတ် (၃၅၆) တို့ အကြား အချင်းဖြစ်ပွားနေချိန်တွင် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်လာပြီးနောက် ပြေလည်မှု ရရှိခဲ့သည်။ ထို့နောက် ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ကာ ယခုကဲ့သို့ လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု တောင်သူသမဂ္ဂက ပြောသည်။

တောင်သူများ အဖမ်းခံထားရသည့်ကိစ္စနှင့် ပတ်သက်၍ လွိုင်ကော်မြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးကလည်း “သူတို့ကို လယ်ယာမြေကိစ္စနဲ့ဗျ၊ ပြီးမှ ပြန်ဆက်ပါလား၊ ခနနေ ၁၁ နာရီလောက်မှ ပြန်ဆက်ပါ” ဟု ဖြေကြားခဲ့သည်။ အကြိမ်ကြိမ်ထပ်မံ ဆက်သွယ်သော်လည်း သတင်းရေးသည့်အချိန်ထိ ဆက်သွယ်၍ မရသေးပေ။

လက်ရှိ ဖမ်းဆီးခံထားရသူတစ်ဦးကို လွိုင်ကော်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆၁ ဖြင့် တရားစွဲထားသည်ဟု ခူးတူရယ်က ပြောသည်။

“အဓိက ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးမှုပေါ့ ပုဒ်မ ၆၁ နဲ့ တရားစွဲဖို့ရှိပါတယ်။ အခုလောလောဆယ်တော့ ရဲစခန်း မှာ ထိန်းသိမ်းထားတယ်။ ဒီမနက်အထိ တွေ့ ခွင့်မရသေးဘူး။ နောက်တစ်ခုက တစ်ခြားပုဒ်မတွေနဲ့ လည်း တရားစွဲဖို့ရှိတယ်။ ဘယ်နှစ်ယောက်က အတည်ဖြစ်မလဲတော့ ကျနော်တို့ ပြောလို့မရသေးဘူး အခုလောလောဆယ်။”

အဆိုပါမြေနေရာသည် တပ်မတော်မှ တပ်သိမ်းမြေအဖြစ်သတ်မှတ်ထားပြီး ခြံစည်းရိုးကာရန် အုတ်တိုင်များ စိုက်ထူထားခြင်းဖြစ်သည်။ သို့သော်လည်း ထိုမြေယာများထဲတွင် ပုံစံ (၇) ရရှိထားသည့် မြေယာများလည်း ပါဝင်သည်ဟု တောင်သူသမဂ္ဂက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တပ်သိမ်းမြေကိစ္စနှင့် ပတ်သက်၍ အစိုးရဌာနများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အား ဝင်ရောက်ဖြေရှင်းပေးရန် တောင်သူများက အကြိမ်ကြိမ်စာများ ပေးပို့တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ ဖြေရှှုင်းပေးခြင်း မရှိသေးကြောင်း တောင်သူများက ပြောသည်။

“ကျနော်တို့မှာ လုပ်စားစရာမရှိတော့ဘူးလေ။ ဒါက ကျနော်တို့ရဲ့ ဘိုးဘွားပိုင်မြေယာလေ။ အဲ့ဒီအပေါ်မှာ စစ်သားတွေက လာပြီးမှ အုတ်တိုင်တွေစိုက်တယ်၊ ခြံတွေကာထားကြ တယ်။ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့သားသမီးတွေ စားဝတ်နေရေး ပညာရေး အနာဂတ်တွေအတွက် အကုန်လုံး ရင်လေးစရာဖြစ်နေပြီ။ သူတို့လည်း သူတို့ရိုက်ထားတဲ့တိုင်တွေဖြုတ်ပေးရင် ကျနော်တို့လည်း ဖြုတ်ပေးမှာပါ။ အခုက အစိုးရကလည်း ကြားဝင်ပြီး စေ့စပ်ပေးတာမျိူးလည်း မရှိဘူးလေ” ဟု ဒေါမူကလား ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

အလားတူပင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ ဒေသခံတောင်သူများနှင့် အမြောက်တပ်ရင်း အမှတ် (၃၆၀) အကြားတွင်လည်း မြေယာအပြင်းပွားမှုများ ဖြစ်ပွားနေပြီး တောင်သူများကို တပ်မတော်က အမှုဖွင့်ထားသည်။