တရုတ်က နာနတ်သီးအဝင် ပိတ်သည့်အတွက် ကုန်သည်နှင့် တောင်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များတွင် တရုတ်ဘက်က နာနတ်သီးတင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် နာနတ်စိုက်တောင်သူများနှင့် သစ်သီးဒိုင်များ အခက်ကြုံနေရသည်ဟု ပြောသည်။

မူဆယ်မြို့ ၊ ၁၀၅ မိုင်မှ သစ်သီးဒိုင်တစ်ဦးဖြစ်သည့် သစ်သီးဂျူတီ အကျိုးဆောင်လုပ်ငန်းနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းမှ မခင်ခင်ဦးက “တရုတ်က ဝယ်လိုအားမြှင့်လာတဲ့အတွက် ဒီနှစ်ဆိုရင် ဧကပေါင်း သောင်းနဲ့ချီတိုးချဲ့ စိုက်ကြတယ်။ အခုက တရုတ်ကနေပိတ်လိုက်တဲ့အတွက် အဓိကတော့ တောင်သူတွေ၊ စိုက်ပျိုးတဲ့ လယ်သမားတွေ အခက်အခဲတွေ့တယ်။ စက်ဝိုင်းကြီးလိုပေါ့နော်၊ ကုန်သည်တွေလည်း အခက်အခဲဖြစ်တယ်။ သစ်သီးဒိုင်တွေရော၊ ကားသမားတွေလည်း အခက်အခဲဖြစ်တယ်။ အရင်က ဝင်ခွင့်ပေးပြီး အခုမှ ပိတ်လိုက်တာရှင့်” ဟု ပြောသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် MOU ထိုးထားသည့် သစ်သီးဝလံများကိုသာ တင်သွင်းခွင့် ပြုပေးထားသည်ဟု သိရသည်။

ထိုကြောင့် လက်ရှိအပိတ်ခံထားရသည့် နာနတ်သီးမှာ MOU ထိုးထားသည့် သစ်သီးဝလံ စာရင်းတွင် မပါဝင်သည့်အတွက် တရုတ်ဘက်က ပိတ်လိုက်ခြင်းဖြစ်သည်ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ (ဦး)စိုင်းမြင့်ဗိုလ် က ပြောသည်။

“ဒီပိတ်တယ်ဆိုတာကတော့ တရုတ် Coustom (အကောက်ခွန်) ဌာနက ပိတ်တယ်။ ပိတ်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ ပြောတာက ကျနော်တို့ မြန်မာနဲ့တရုတ် မြန်မာကနေ တရုတ်ကို တင်ပို့ခွင့်ရှိတဲ့ သီးနှံက လောလောဆယ် နှစ်နိုင်ငံ လက်မှတ်ထိုးထားတာက (၈) မျိုးပဲရှိတယ်။ အဲ့ (၈) မျိုးထဲ နာနာတ်သီးက မပါဘူး။ နာနတ်သီးကို နှစ်နိုင်ငံ လက်မှတ်မထိုးရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပိတ်တာ။ ပြီးခဲ့တဲ့ ခြောက်လပိုင်း(ဇွန်လ) က စပိတ်တာပဲ”

နှစ်ဘက်အစိုးရအကြား MOU ထိုးထားသည့် သစ်သီး (၈) မျိုးမှာ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ ဇီးသီး၊ နှင်း သီး၊ လိုင်ချီးသီး၊ ကြက်မောက်သီးနှင့် မင်းကွတ်သီး တို့ ဖြစ်သည်ဟု သစ်သီးဝလံကုန်သည်များက ပြောသည်။

ယခုကဲ့သို့ တရုတ်ဘက်ခြမ်းမှ နာနတ်သီး တင်သွင်းခွင့်ကို ပိတ်လိုက်သည့်အတွက် တောင်သူများအနေဖြင့် ၁၀၅ မိုင်၊ မူဆယ်၊ နမ့်ခမ်း စသည့် နယ်စပ်မြို့ များတွင်သာ ရောင်းချနေရသည့်အတွက် နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေသည်ဟု မခင်ခင်ဦးက ပြောသည်။

“အခုက မူဆယ်၊ နမ့်ခမ်းမှာ ပတ်ပြီးမှ ရောင်းနေရတယ်။ ပြီးရင် ၁၀၅ မိုင်မှာ ထိုင်ပြီးရောင်းနေရတယ်။ သစ်သီး တွေက ရောင်းလို့လည်းမကုန်ဘူး။ တစ်လုံးကို ၅၀၀၊ ၈၀၀၊ ၁၀၀၀ အဲ့လိုမျိုးရောင်းနေရတယ်၊ တစ်လုံးချင်းပေါ့ ပတ်ပြီးရောင်းရတာ၊ မူဆယ်တို့၊ နမ့်ခမ်းတို့ပေါ့။ နာနတ်သီးကား တစ်စီးကို ၁၀ ရက်၊ ၁၅ ရက် အဲ့လိုမျိုး ထိုင်ရောင်းနေရတယ်။ တစ်စီးကို တစ်လလောက်လည်း ကြာတယ်။ အသီးတွေက ပုပ်သွားပြီ။ ဒီ ၇ လပိုင်း၊ ၈ လပိုင်းဆိုရင် အသီးက လှိုင်လှိုင်ပေါ်တော့မှာ အခုက ဒီနှစ်လသုံးလအတွင်းမှာ တောင်သူတွေက ဆုံးရှုံးကုန်ပြီ။”

လက်ရှိတွင် နှစ်နိုင်ငံဘက်ခြမ်းရှိ သီးနှံကုန်သည်အချင်းချင်း ညှိနှိုင်းပေးလျှက်ရှိသော်လည်း ယနေ့အချိန်ထိ အဆင်မပြေသေးဘူးဟု စိုင်းမြင့်ဗိုလ် က “ပိတ်လိုက်တော့ နာနတ်သီးတောင်သူတွေက ဒုက္ခဖြစ်ပြီ။ အခုက တရုတ်ဘက်က ဝယ်လိုအားက တစ်နှစ်ပြီး တစ်နှစ်များလာတဲ့အတွက် တောင်သူတွေကလည်း ပိုပိုစိုက်လာတယ်။ ဘယ်လောက်တောင် ပိုစိုက်လဲဆိုရင် ပြည်တွင်းရောင်းဖို့ မကုန်တဲ့ အနေအထားကိုဖြစ်သွားပြီ။ ဈေးနှုန်းက ကျပြီလေ။ တရုတ်ကလည်း မဝယ်တော့ တောင်သူတွေ တော်တော်ဒုက္ခဖြစ်နေတယ်။ တရုတ်ဘက်က သစ်သီးကုန်သည်တွေလည်း ညှိထားတယ်။ အခုထိတော့ ဘာမှအကြောင်းမပြန်သေးဘူး” ပြောသည်။

ယခင်နှစ်များတွင် နာနတ်သီးကို နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုသည့် အနေအထားမျိုးဖြင့်သာ တရုတ်ဘက်မှ တင်ပို့ခွင့်၊ ရောင်းချခွင့် ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရ အနေဖြင့် အမြန်ဆုံးသွားရောက် ညှိနှိုင်းဖြေရှင်းပေးရန် ကုန်သည်များက တောင်းဆိုသည်။

“ဒီကိစ္စက သူ့ (တရုတ်) ဘက်က အစိုးရက ပိတ်တဲ့အတွက် ကျနော်တို့ နိုင်ငံက အစိုးရက ဒီဟာကို သွားညှိလို့ရမယ့် အနေအထားရှိတယ်။ အစိုးရချင်း ညှိရမယ့်ကိစ္စပေါ့ G to G၊ အစိုးရချင်းမညှိနိုင်ရင်တော့ တောင်သူတွေ တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်မှာ။ ဘာလို့လဲဆိုတော့ ရှမ်းပြည်တောင်သူတွေက အဓိကစိုက်ပျိုးတဲ့ သီးနှံတွေက ပြောင်းရယ်၊ နာနာတ်သီးရယ် အဓိက စိုက်တာ။ အခုက ဒီနှစ်မျိုးလုံး အဆင်မပြေဖြစ်နေတော့ တော်တော်ကို အခက်အခဲဖြစ်မှာဗျ။ သိပ်မကြာတော့ဘူး ထောပတ်သီး၊ ကျွဲကောသီး၊ သစ်သီးစုံထွက်တော့မယ်လေ။ တင်ပိ့ုခွင့်မရှိရင် တောင်သူတွေသွားပြီ” ဟု စိုင်းမြင့်ဗိုလ်က ဆက်ပြောသည်။

နာနတ်သီးကို လက်ရှိရှမ်းပြည်နယ် မြောက်ပိုင်းပိုင်းတွင် သီပေါ၊ ကုန်းသာ၊ စဉ့်အင်၊ ကွတ်ခိုင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် မိုင်းရယ်၊ ပင်လုံ၊ လွယ်လင်၊ နမ့်စန် စသည့် ဒေသများအထိ စိုက်ပျိုးလျှက်ရှိကြပြီး တရုတ်နိုင်ငံ ကို တင်ပို့ရောင်းချခြင်း ဖြစ်သည်ဟု ပြောသည်။

နာနတ်သီးအပြင် အခြားသော သီးနှံများလည်း ပိတ်ပင်ထားသည်ဟု ကုန်သည်များက ပြောသည်။ လက်လီ၊ လက္ကား တင်သွင်းသည့် ကုန်သည်များအား ပိတ်ပင်ထားသည်သာမက နယ်စပ် ဝင်ထွက်ပေါက်များမှ စားသုံး ရန် ဝယ်သွားသည့် သစ်သီးများကိုပါ သယ်ယူခွင့် ပိတ်ထားခြင်းဖြစ်သည်ဟု စိုင်းမြင့်ဗိုလ်က ပြောသည်။

“ထောပတ်သီးလည်း ပိတ်ခံထားရတယ်။ လက်လီရောင်းတာပေါ့၊ နောက်ပြီး ပိန္နဲသီးလည်း ရောင်းခွင့်မပေးဘူး။ လက်လီရောင်းတာလည်း ဝင်ခွင့်မပေးဘူး။ လက္ကားလည်း မပေးဘူး။ တခြားအသီးတွေလည်း ပိတ်ထားတာ တွေ အများကြီးပဲ။ တရုတ်ကပိတ်တာကတော့ ကုန်သွယ်မှုလည်း ပိတ်သလို ကျနော်တို့က စားဖို့ လက်ဆောင် ပေးဖို့ ရွှေလီ (Ruili) က မိတ်ဆွေကို လက်ဆောင်ပေးဖို့ တစ်လုံးနှစ်လုံးတောင် ယူသွားခွင့် မရှိတော့ဘူးဗျ။”

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်များ အဓိ က တင်ပို့နေပြီး တရုတ်ဘက်ခြမ်းမှ စားသောက်ကုန်၊ လူသုံးကုန်၊ အထည်အလိပ်၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စက်ယန္တယားများကို တင်သွင်းနေခြင်းဖြစ်သည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်သည့်အနေဖြင့် မြန်မာဘက်ခြမ်းမှ တရုတ်ဘက်ခြမ်းသို့ တင်ပို့သည့် သွင်း ကုန်များကို တင်းတင်းကြပ်ကြပ်ကိုင်တွယ် ဖြေရှင်းနေသော်လည်း တရုတ်သွင်းကုန်များမှာမူ ပုံမှန် အနေအထားအတိုင်းသာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေသည်ဟု ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်ကို တင်ပို့သည့် ပို့ကုန်များကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တင်း တင်းကြပ်ကြပ်ကိုင်တွယ်နေခြင်းဖြစ်သည်ဟု မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးတင်ရဲဝင်းက “နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းဝင်ရောက်မှုကို တင်းကြပ်စွာ သူတို့က ပိတ်ဆို့ လိုက်တယ်။ ပို့မရဘူး၊ တရုတ်က သူ့ ရဲ့ နယ်နမိတ်တစ်လျှောက်မှာ ပိတ်ဆို့မှုကို ၁၀ လပိုင်းကစပြီး တင်းတင်းကြပ်ကြပ်စလုပ်လိုက်တာ။ ပို့ကုန်ပစ္စည်းတွေ အကုန်ကျတယ်” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုင်တီးနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ် စီးပွားကူးသန်းနေကြပြီး မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးနေရာဖြစ်သည်။