ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၁၀၀ ကျော်ရွှေ့ပြောင်းထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

ဘီးလင်းမြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရသည့်အတွက် ဘီးလင်းမြို့ အနိမ့်ပိုင်းတွင် နေထိုင်သူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာကာ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းခန့်တွင် အနိမ့်ပိုင်းနေ အိမ်ထောင်စု ၂၃ စုတို့မှ လူဦးရေ ၁၀၄ ဦးကို မြို့ ပေါ်ရှိ တစညပါတီရုံး၊ ဓမ္မဝိဟာရ၊ မြို့ဦးနှင့် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ထားရခြင်းဖြစ်သည်။

“ဘီးလင်းမြစ်ရေက စိုးရိမ်ရေအမှတ်တော့ မရောက်သေးဘူး၊ ဆက်တိုက်တော့တက်နေတယ်၊ မြစ်ရေတက်နေ တဲ့အခြေအနေကို တစ်မြို့ လုံးကို အသံချဲ့ စက်နဲ့ လိုက်သတိပေးနေပါတယ်” ဟု ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေသည် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေအခြေအနေသည် ၉၇၇ စင်တီမီတာရှိပြီး စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိသည်ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဘီးလင်းမြို့ ၏ မိုးရွာသွန်းမှုအခြေအနေသည်လည်း ဇူလိုင်လ ၉ ရက်နေ့တွင် မိုးရေချိန်လက်မ ၃ ဒဿမ ၃၆ လက်မ ထိ ရှိသည်။

“မြစ်ရေက မနေ့က စပြီးတော့ တက်လာတယ်။ ဒီနေ့တော့ တော်တော်တက်လာတယ်။ တစ်ချို့ ရပ်ကွက်တွေမှာ ရေဝင်နေပြီ၊ အထူးသဖြင့် အနိမ့်ပိုင်းတွေပေါ့ ရေကလည်းတက်တယ်၊ မိုးကလည်း ဆက်ရွာနေမယ်ဆိုရင် ရေကခဏလေးနဲ့ ပြည့်သွားတယ် သတိနဲ့နေနေရတာပေါ့” ဟု ဘီးလင်းမြို့ခံ ကိုမင်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ၂ ပေခန့် တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် ဇူလိုင်လ ၉ ရက်နေ့က သတိပေး ထုတ်ပြန်ထားသည်။

မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ပါဝင်သော ဘီးလင်းမြို့ နယ် ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့သည် ရေကြီးနစ်မြှပ်မှု ဖြစ်သည့်အခါ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရိက္ခာထောက်ပံ့ရေး လုပ်ငန်းများ အချိန်နှင့်တပြေညီ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်ထားသည်ဟု သိရသည်။

ထို့အပြင် သွားလာရေးခက်ခဲပြီး လမ်းပန်းဆက်သွယ်မှုပြတ်တောက်နိုင်သည့် ကျေးရွာများသို့ ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ ခေါက်ဆွဲခြောက် အစရှိသည့် ရိက္ခာများကိုလည်း ကြိုတင်ပေးပို့ခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ဘီးလင်းမြစ်ရေမြစ်တက်လာနေသည့်အတွက် ဘီးလင်းမြစ်ဘေးရှိ မူလတန်းလွန်ကျောင်း ၁ ကျောင်းနှင့် ဒုံသမိမြစ်ဘေး ရှိ မူလတန်းကျောင်း ၂ ကျောင်းတို့ကိုလည်း စပိတ်ထားရသည်ဟု ဘီးလင်းမြို့ နယ် ရေဘေးကွပ်ကဲရေးရုံးထံမှ သိရသည်။

၂၀၁၈ ခုနှစ်တုန်းကလည်း ဘီးလင်းမြစ်ရေမြင့်တက်သည့်အတွက် ဘီးလင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ အတော်များများ ရေးကြီးနစ်မြှပ်မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၃၀၀၀ နီးပါး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ ရေး အစရှိသည့် မြို့ နယ်များတွင် ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ဘီးလင်းမြို့ နယ်သည် ရေကြီးရေလျှံမှု အဆိုးရွားဆုံးဖြစ်ပွားသည့် မြို့နယ်ဖြစ်သည်။