တအာင်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေဟု TWO ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။

တပ်မတော်မှတစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် လူအခွင့်အရေး ချိုးဖောက်မှု များဆက်လက်ဖြစ်ပေါ်နေပြီး ယခုနှစ်ပထမခြောက်လအတွင်း ကျူးလွန်ခံရသူ ၈၀ ကျော် အထက်တွင်ရှိသည်ဟု တအာင်းအမျိုး သမီးအဖွဲ့အစည်း TWO က ပြောသည်။

“၈၅ ဦးတော့ရှိတယ်။ ဒါပေမယ့် တချို့ကျတော့ နှိပ်စက်ညှင်းပမ်းမှုပိုင်းဆိုရင် လျှော့ချပြီးတော့ ပြန်လာတဲ့အပိုင်းတွေရှိတယ်။ ခြိမ်းခြောက်ခံရတာတို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတို့ ခံရပြီးတော့ လက်ရှိရွာမှာပဲရှိတာပေါ့နော်။ ဒါပေမယ့် တချို့ ကျတော့ မတရားဖမ်းဆီးခံရတယ်။ မတရားဖမ်းဆီးပြီးတော့ ထောင်ချတာတွေရှိသလို တချို့ကျတော့လည်း ခုချိန်ထိအချုပ်ခန်းထဲမှာပဲ ရှိတယ်။ အဲလိုမျိုးရှိသလို တချို့ကျတော့လည်း လုံးဝကိုပျောက်သွားတဲ့ ပုံစံမျိုးတွေလည်းရှိတယ်” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ၏ အပစ်ရပ်ကာလအတွင်း မှတ်တမ်းပြုစုချက်အရ ၂၀၁၉ ခုနှစ် ဇန္နဝါရီ လမှ ဇွန်လအထိ (၆) လအတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံရသည့် ဒေသခံ (၃၀) ဦးအနက် (၁၁) ဦးသည် ယနေ့ချိန်ထိ ထောင်နှင့် အချုပ်ထဲတွင် အကျဉ်းချခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခံရသူ ဒေသခံ (၃၀) ဦး၊ သတ်ဖြတ်ခံရသူ (၃) ဦး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ (၂) ဦး၊ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူ (၂၀) ဦး အနက် (၅) ဦး သေဆုံးခြင်း စုစုပေါင်း (၈၅) ဦးသည် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ ဖြစ်သည်ဟု ဆိုသည်။

မြန်မာ့တပ်မတော်အပါအဝင် ဒေသအတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ဒေသခံများကို မတရား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပစ်ရပ်ကာလအတွင်းတွင် ဆက်လက်ကျူးလွန်နေကြသည်ဟု TWO က စွတ်စွဲထားသည်။

ကွတ်ခိုင်၊ သီပေါ၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ နှင့် ကျောက်မဲမြို့နယ်တို့သည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသဖြစ်သည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးမြို့နယ်များဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လ အစောပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဆောင်ကျဲကျေးရွာတွင် အသတ်ခံခဲ့ရသည့် ဒေါ်နန်ထန်ကိစ္စ ကျူးလွန်သူများအား အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ပဋိပက္ခဒေသများအတွင်းက အမျိုးသမီးများ၏ လုံခြုံရေး ကို တာဝန်ယူပေးရန် အရပ်ဘက်အဖွဲ့အစည်း (၄၀) ကျော် က ဇူလိုင်လ (၁၀) ရက်နေ့က တောင်းဆိုခဲ့သည်။

အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကွန်ရက် (ရှမ်းမြောက်)အဖွဲ့ ဒေါ်ခေါင်နန်းက “ပဋိပက္ခဒေသတွေမှာပေါ့နော် ဒီလိုမတရားအသတ်ခံရတဲ့အမှုတွေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အထူးအလေးထားကြဖို့၊ အမှုမှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုတာပါ။ အမျိုးသမီးတွေ လုံခြုံမှုလည်း မရှိဘူး။ လက်နက်ကိုင်တွေအားလုံး တပ်မတော် အပါအဝင်ပေါ့ နိုင်ငံတကာက သိတ်မှတ်တဲ့ ဥပဒေတွေကို လိုက်နာစေချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ အထိ တစ်ကြိမ်၊ ဧပြီလ ၃၀ မှ ဇွန်လ ၃၀ ရက်နေ့မှ အထိတစ်ကြိမ်နှင့် ဇွန်လ ၃၀ မှ သြဂုတ်လ ၃၁ ရက်နေ့ တပ်မတော်က စစ်တိုင်းကြီး ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ်ထားသည်။

၎င်းကာလများအတွင်းတွင် ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု TWO က ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသူများမှာ အသက်အရွယ် အတန်းအစားမရွေး ချိုးဖောက်ခံနေရပြီးများသောအားဖြင့် ဘာသာ စကား အခက်အခဲကြောင့် ချိုးဖောက်ခံရမှုက ပိုများနေသည်ဟု TWO က ပြောသည်။

“တော်တော်များများဆိုရင် ဒီရွာခံတွေပေါ့ လူလတ်ပိုင်းတွေလည်းပါတယ်။ ပြီးတော့အသက်နည်းနည်းကြီးတဲ့ အပိုင်းတွေလည်းပါတယ် အဲလိုမျိုးတော့ ပြောလို့ရတယ်။ ၁၈ နှစ်အောက်တွေလည်း ပါဝင်တယ်။ အထူးသဖြင့် ရွာခံတွေဖြစ်တယ်၊ ဘာသာ စကားအရ ဆိုရင် သိပ်ပြီးတော့ ကျွမ်းကျင်တဲ့အပိုင်းတွေမရှိဘူး၊ ကိုယ့်ရဲ့မိခင်ဘာသာစကားကလွဲလု့ိ တခြားဘာသာစကားတွေက ပြောတတ်ဆိုတတ်ရုံလောက်ပဲ၊ အဲလိုမျိုး ပုံစံတွေကများနေတယ်” ဟု လွေးချိဆငါးက ပြောသည်။

တပ်မတော်မှ အပစ်ရပ်ထားသည့် စစ်တိုင်း ၅ တိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတို့ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ တအန်း(ပ လောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မ တော် (MNDAA- ကိုးကန့်အဖွဲ့) နှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

ပဋိပက္ခအကြားတွင် နေထိုင်နေရသည့် ဒေသခံပြည်သူများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ကြောက်စိတ်များ ပိုမိုတိုးပွားလာနေသည်ဟု TWO က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဘာမှမသိမနားလည်သော ဒေသခံများ၏ဘဝကို စာနာသနားသောအားဖြင့် မတရားသဖြင့် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို မပြုလုပ်ကြရန် နှင့် ဖမ်းဆီးချုပ်နှောင်ထားသည့်သူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များက တောင်းဆိုထားသည်။