ရခိုင်-ချင်းဒေသများ အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၄ ရက်။

တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်များအား အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက တောင်းဆိုလိုက်သည်။

အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ပဋိပက္ခအတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတင်းအချက်အလက်များရယူခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ခက်ခဲမှုများရှိနေသည့်အတွက် ပြန်လည်ဖွင့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု Fortify Rights အဖွဲ့က မြန်မာ့လူ့အခွင့် အရေးကျွမ်းကျင်သူ ကိုနစ်ကီဒိုင်မွန်းက ပြောသည်။

“အဲဒီဒေသအတွင်းမှာ စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်။ ကျနော်တို့ စစ်တပ်ကနေဖမ်းထားလို့ နှိပ်စက် ပြီးတော့ သေသွားတဲ့ဟာမျိုးတွေလည်း ကျနော်တို့ ကြားနေရတယ်။ ပြီးလို့ရှိရင် အဲဒီမှာဒေသခံ တွေပေါ့နော အရပ်သားတွေ ပျောက်ဆုံးနေတယ် ဆိုတဲ့ကိစ္စရပ်တွေ ကြားနေရတော့ အခုလက်ရှိ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက်ကြောင့်မို့ အဲဒီဒေသအတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုတွေ ဒေသခံတိုင်းရင်းသားတွေဖက်က သူတို့ဘာတွေဖြစ်နေလဲ” Fortify Rights အဖွဲ့က မြန်မာ့လူ့အခွင့် အရေးကျွမ်းကျင်သူ ကိုနစ်ကီဒိုင်မွန်းက ပြောသည်။

“ဘာတွေ ကြုံတွေ့နေရသလဲဆိုတဲ့ သတင်းအချက် အလက်တွေကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ ပြီးတော့နိုင်ငံတကာ လူအခွင့်အရေး အဖွဲ့အစည်းတွေကနေပြီးတော့ ကျနော်တို့ လွတ်လွတ်လပ်လပ် သတင်းယူဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ အဲလိုမျိုး အခက်အခဲတွေဖြစ်အောင် တမင်တကာလုပ်ထားသလိုမျိုး ဖြစ်နေတဲ့ အနေအထား သူတို့ရဲ့ လုံခြုံမှုအတွက်ပေါ့နော်။ ပိုပြီးတော့ စိုးရိမ်မကင်းဖြစ်စရာတွေ ဖြစ်တယ်။”

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြားမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို အင်တာနက်လိုင်း ယာယီဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော် တစ်လပြည့်ပြီဖြစ်သော်လည်း အစိုးရအနေဖြင့် အင်တာနက်လိုင်းအား ပြန်လည်ဖွင့်ပေးခြင်းမရှိသေးပေ။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရာ မရောက်ပဲ ဒေသခံများ၏ လုံခြုံရေးအတွက် ပိုမိုစိုးရိမ်နေရသည့် အနေအထားဖြစ်လာသည်ဟု Fortify Rights အဖွဲ့ကပြောသည်။

ထို့အပြင် ပဋိပက္ခအတွင်း ရောက်နေသူများ၏ လိုအပ်ချက်များ၊ အခက်အခဲများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက မရရှိသည့်အတွက် ဒေသခံများအနေဖြင့် ပိုမိုခက်ခဲလာနိုင်သည်ဟု ကိုနစ်ကီဒိုင်းမွန်းကပြောသည်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ ကိုဇော်ဇော်ထွန်းက “ပထမဆုံး ကျနော်တို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောင်ပံ့ပေးနေတဲ့ အဖွဲ့အစည်းအနေနဲ့ဆိုလို့ရှိရင်တော့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ သတင်းယူရာမှာ အခက်အခဲဖြစ်တယ်။ သတင်းအချက်အလက်တွေကို အတည်ပြုနိုင်ဖို့အတွက် ဓါတ်ပုံတွေ၊ ဗွီဒီယိုကလစ်တွေကို ယူရတာကိုး။ အခုကဖုန်းနဲ့ပဲဆက်သွယ်ရတော့ အတည်ပြုဖို့ခက်ခဲတယ်၊ အချက်အလက်လွှဲတာတွေရှိတယ်။ ကြန့်ကြာတာတွေရှိတယ်။ စစ်ပွဲသတင်းတွေယူတဲ့အခါမှာလည်း အမှားတွေအများကြီးထွက်လာတယ်။ သတင်းတွေလည်း မရတော့ဘူး” ဟု ပြောသည်။

အင်တာနက် ဖြတ်တောက်မှုကနေတစ်ဆင့် သတင်းအမှောင်ချမှုကြောင့် ဖြစ်ပျက်နေသည့် အကြောင်းအရာ အချက်အလက်များကို မှန်ကန်စွာသိရှိနိုင်ရန် ခက်ခဲလာသည်ဟု ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

“ဒီအင်တာနက်ဖြတ်တောက်မှုမတိုင်ခင်မှာ ဥပမာ လက္ကာတို့၊ ကျောက်တန်းတို့လို ကိစ္စတွေမှာ သတင်းအချက်အလက်တွေ ရရှိနေလို့သာ မြေပြင်မှာ တကယ့်ဆိုးဆိုးရွားရွား အခြေအနေတွေကို အချိန်နဲ့တပြေးညီသိနေရတာပေါ့။ ဆိုတော့အခုကတော့ အဲ့လိုဖြစ်ရပ်မျိုးတွေ ဖြစ်နေပေမယ့်လည်း ဘယ်လောက်အတိုင်းအတာထိ ဖြစ်ပျက်နေတယ်ဆိုတာ မသိရတော့ဘူး။”

ထို့အပြင် ရခိုင်နှင့် ချင်းပြည်နယ်က မြို့နယ် ၉ ခုတွင် အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ထားမှုနှင့် ပတ်သက်၍ အမြန်ဆုံးပြန်ဖွင့်ပေးဖို့ ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်သူ့ လွှတ်တော်မှာ အရေးကြီးအဆိုကို တင်သွင်းခဲ့ရာ ယခုလ ၁၈ ရက်နေ့က ပယ်ချခံခဲ့ရသည်။

အစိုးရအနေဖြင့် အင်တာနက် ဖြတ်တောက်လိုက်ခြင်းသည် သတင်းမှားများကို ပိုမိုဖြစ်ပေါ်စေသည်သာမက အင်တာနက်ကို အမှီပြု၍ လုပ်ဆောင်နေရသည့် စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်နေသည့်အတွက် ပြန်လည်ဖွင့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။