ရခိုင်စစ်ရှောင်စခန်းများ ထောက်ပံ့မှု အလွန်နည်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၃၀ ရက်။
ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိအက္ခအတွင်း စစ်ဘေးရှောင်ပြည်သူ/စစ်ဘေးဒုက္ခသည် ၅ သောင်းကျော်အတွက် ထိရောက်သည့် ကူညီမှုများ မလုပ်ဆောင်နိုင်သေးဟု စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောပါတယ်။
စစ်ဘေးဒုက္ခသည် ၅ သောင်းကျော်အတွက် လိုအပ်ချက်ပေါင်း မြောက်များစွာ ရှိနေသည်ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောပါတယ်။
“ကျနော် တို့ရခိုင်မှာက စစ်ဘေးရှောင်စခန်းဆိုပြီး သတ်မှတ်ထားတာမရှိဘူး။ ကြုံသလို အဆင်ပြေသလို နေကြရတာ ဖြစ်တယ်။ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်း တို့ ဒါမှမဟုတ်လည်း ကျေးရွာက နေရာလေးတစ်ခုခုတို့ပေါ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်စီစဉ်ပဲ နေရတယ်” ဟု ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောသည်။
ထိုကဲ့သို့သော သတ်မှတ်ချက်များ မရှိသောကြောင့် အခြေခံလိုအပ်ချက်များကိုလည်း ထိရောက်စွာ ကူညီပေးနိုင်မှု အပိုင်းတွင် အားနည်းနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ဆက် ပြောသည်။
“ဒီမှာကသတ်မှတ်ချက် မရှိတော့ ကူညီပံ့ပိုးမှုတွေ ထောက်ပံ့တာတွေ ကွာဟသွားတဲ့ အချက်တွေရှိတယ်။ အစိုးရရဲ့ စာရင်းကောက်ထားတဲ့စာရင်းအရက ၁၄၀၀ ကျော်လောက်ပဲရှိတယ်လို့သိရတယ်။ အဲ့ဒီအရေအတွက်ကိုပဲ အစိုးရက စစ်ဘေးဒုက္ခသည်ဆိုတာမျိုး သတ်မှတ်မယ့် သဘောရှိနေတယ်။ ကျနော်တို့ပြောနေတာက စစ်ဘေးဒုက္ခသည် သတ်မှတ်ဖို့ မသတ်မှတ်ဖို့ တစ်ခုထဲ ပြောချင်တာမဟုတ်ဘူး။ အဓိကကျနော်တို့ပြောနေတာက တကယ့်မြေပြင်မှာ ဒေသခံတွေက ဘယ်လောက်အထိ ဒုက္ခကြုံနေရလဲ၊ ဒုက္ခရောက်နေတဲ့ အခြေအနေတွေကို ကြည့်ပြီးမှ ဘယ်လိုအရေးယူ ဆောင်ရွက်ရမလဲ ကူညီရမလဲဆိုတာမျိုးလုပ်ရမှာဖြစ်ပါတယ်။”
ဘူးသီးတောင်မြို့နယ်ထဲက စေတီတောင် စစ်ဘေးရှောင်စခန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ “ဒီအထဲ ကကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရှိပဲနဲ့ တခြားအပြင်က အကူအညီက လာလို့မရတာကိုး။ အဓိက လိုအပ် ချက်တော့ စားနပ်ရိက္ခာပဲဗျ။ ဆန် ဆီ ဆား ပေါ့၊ ဒါက ရေရှည်မှာ သူတို့က စားသောက်နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေတာကိုး။ လက်ရှိအခြေနေက နေရပ်ကိုလည်း ပြန်လို့မရဘူး။ ဒီကလူတွေက ရေရှည်နေရမယ့် ပုံစံမျိုး၊ အခုထိ ဗုံးသံ၊ သေနတ်သံ၊ လက်နက်ကြီးသံတွေနဲ့ တိုက်ပွဲဖြစ်နေတာ၊ နေအိမ်တွေ ကျွဲ နွားတွေ အကုန် ပျက်စီးသွားပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး အဆိုပါ စခန်းလေးခုက လူဦးရေ ၁၃၀၀ ကျော်အတွက်လည်း စားနပ်ရိက္ခာအခက်အခဲတွေရှိနေသည်ဟု ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
“အခုက စစ်ဘေးရှောင်တွေရဲ့ အခြေအနေက ပိုပြီးဆိုးလာတယ်။ အလှူအတန်းကလည်း နည်းတယ်။ ရိက္ခာတို့ကလည်း ကား၊ ဆိုင်ကယ်၊ ရေကြောင်းက မော်တော်တွေလည်း လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ အဲ့တောရိက္ခာတွေလည်း အလွယ်တကူမပို့နိုင်ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ် ရသေ့တောင်မဲဆန္ဒနယ်က အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
လက်ရှိတွင် ရသေ့တောင်မှ ဘူးသီးတောင်ဘက်သို့ သွားသည့် ကားလမ်းမအား သွားလာခွင့်ပိတ်ပင်ထားပြီး ရေလမ်းကြောင်း တလျှောက်တွင်လည်း ပိတ်ဆို့မှုများ ပြုလုပ်ထားသည့်အတွက် အဆိုပါဒေသမှ စစ်ဘေးဒုက္ခသည်များနှင့် ဒေသခံများအား ကူညီကယ်ဆယ်ရေးများ၊ အခြေခံလိုအပ်ချက်များ ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲ ဖြစ်နေရသည် ဟု REC က ပြောသည်။
“ကားလမ်းလည်း ပိတ်ထားပြီ၊ မိုင်းကွဲတာတွေလည်း ဖြစ်နေတယ်၊ ရေလမ်းကလည်း ချောင်းမြောင်းတွေကို ပိတ်ပြီး မသွားမလာရဖြစ်နေတယ်ပေါ့။ အဲ့ဒီစခန်းတွေက ကူညီမှုတွေ လုံးဝမရောက်ဘူးဖြစ်နေတယ်။ အစိုးရရဲ့ ကူညီမှုလည်း မရောက်ဘူး။ အဲ့ဒီ စခန်းတွေဆို စားနပ်ရိက္ခာတွေ အရေးကြီးလိုအပ်နေတယ်။ တချို့က ယာယီတဲတွေ အရေးတကြီးဆောက်ဖို့ လိုအပ်နေတယ်။ အဲ့ဒီဘက်ကလူက ဖုန်းဆက်လာတယ်၊ ယာယီတဲ ဆောက်ဖို့အတွက် တာလပတ်တွေ ကူညီပေးနိုင်မလာဆိုပြီးပေါ့။ အကူအညီတောင်းတာတွေရှိတယ်။”
ဇူလိုင်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်းရှိ တပ်မတော်ပိုင် စစ်ရေယာဉ် ၃ စင်းကို AA က ပစ်ခတ်တိုက်ခိုက်ပြီးနောက် အနီးအနားရှိ ကျေးရွာများအား တပ်မတော်က နယ်မြေရှင်းလင်းရေးများ ပြုလုပ်ခဲ့ရာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးမှုများ ထပ်မံရှိနေသည်ဟု ပြောသည်။
ကိုဇော်ဇော်ထွန်း က “ဒီလောလောလတ်လတ်မှာဆိုရင် ဒီရသေ့တောင်မှာ မယူမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ့၊ အဲ့ဒီဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေတပ်သင်္ဘောကို ပစ်ခတ်ခဲ့တဲ့နောက်ပိုင်းမှာ တပ်မတော်ကနေပြီးတော့မှ နီးစပ်ရာရွာတွေကို ရှင်းလင်းမှုလုပ်တယ်ပေ့ါဗျာ၊ အဲ့တော့အနီးအနားရွာကလူတွေ အကုန်လုံးက ထွက်ပြေး ကြရတယ်။ ထွက်ပြေးရတော့ စစ်ဘေးဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ရောက်ရှိလာကြတယ်ပေါ့” ဟု ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ ဇူလိုင်လ ၃၀ ရက်နေ့ (ယနေ့)တွင် ထုတ်ပြန်လိုက်သည့် မှတ်တမ်းများအရ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ မောင်တော၊ မြေပုံမြို့နယ်တို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ၅၅၇၉၇ ဦး ရှိသည်ဟု သိရသည်။
REC ၏ မှတ်တမ်းအရ မြောက်ဦးမြို့တွင် စစ်ဘေးရှောင်အများဆုံးရှိပြီး တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်အရေအတွက်များ ထပ်မံတိုးလာနေသည်ဟု သိရသည်။