အရပ်သား ၁၀၀၀ ကျော် တိုက်ပွဲ ဧရိယာ အတွင်း ပိတ်မိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၁ ထောင်ကျော်ခန့် စစ်ရေးပဋိပက္ခများအတွင်း ပိတ်မိနေသည်ဟု ဒေသတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသည်။

“ပိတ်မိပြည်သူတွေလည်းအများကြီးရှိတယ်။ ရွာစောင့်ရင်းကျန်ခဲ့တဲ့လူတွေ၊ တချို့ ရွာတွေက ဒီဘက်ကို လုံးဝထွက်ပြေးလာလို့မရပဲ ပိတ်မိနေတာ ရွာလုံးကျွတ်ပိတ်မိနေတာလည်း ရှိသေးတယ်။ ခန့်မှန်းဆိုရင် ၁ ထောင် ကျော်၊ ၂ ထောင် လောက်ရှိနေသေးနိုင်တယ်။” ဟု မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ဘေးလွတ်ရာကို ရှောင်လာဖို့ကိုလည်း တပ်ကရှောင် ခွင့်မပေးဘူး။ အဲ့ဒီမှာပဲ မိမိနေရပ်မှာပဲ နေရမယ်ဆိုပြီးတော့ သူတို့ထွက်လို့မရဘူး။ စိတ်ဒုက္ခတွေ တအားရောက်နေကြတယ်” ဟု ဦးလှသိန်းအောင်က ဆက်ပြောသည်။

တိုက်ပွဲများဖြစ်ပွားရာ ဖုံသာချောင်းနှင့် သရီချောင်းအဆုံ ရေလမ်းကြောင်းတစ်လျှောက် တပ်မတော်က အခိုင်အမာတပ်များ တည်ဆောက်လိုက်ပြီး ရေလမ်းခရီးကို ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

“ပိတ်မိနေ တယ်ဆိုတာက ဒီလိုပါ၊ တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတော့ တပ်ကနေပြီးမှ အခိုင်အမာတပ်တွေချလိုက်တယ်၊ ပြီးရင်ရွာသားတွေပေးမသွားဘူး အဲ့လိုမျိုးပေါ့၊ အဲ့ဒီဘက်ကဒေသတွေက ကားလမ်းမရှိဘူး။ အထူးသဖြင့် ရေကြောင်းလမ်းပဲရှိတယ်။ ချောင်းနှစ်ခုရှိတယ်၊ သရီချောင်းနဲ့ ဖုံသာချောင်းပေါ့၊ အဲ့ဒီချောင်းအဆုံနေရာမှာ ဖြစ်နေတာ။ ရေလမ်းခရီးပဲ အားကိုးရတာ၊ အခုအဲ့ဒီရေလမ်းခရီးဆုံတဲ့နေရာတွေမှာ တပ်နေအထိုင်စခန်းတွေချလိုက်တယ်။ အဲ့ဒီပိတ်မိနေတဲ့လူဦးရေက ကျနော်တို့ လူတွေပြောတာက ၁၄၀၀ ကျော်ကျော်၊ ၁၅၀၀ လောက်ရှိတယ် လို့ပြောတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အဖွဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

မင်းပြားမြို့နယ်အတွင်းက ဖုန်သာ၊ စိတ္တရ၊ ငန်းတက်၊ တောင် ဘုတ်ကေနှင့် လက်ခုပ်ကျေးရွာတို့အပြင် အခြားသောကျေးရွာများမှ ရွာသားများ တိုက်ပွဲများအတွင်း ပိတ်မိနေခြင်းဖြစ်သည်။

“အခုက ပြန်လို့လည်း မရသေးဘူးခင်ဗျ။ မင်းပြားမြို့နဲ့က ၈ မိုင်၊ ၁၂ မိုင်၊ ၁၅ မိုင်လောက် ဝေးတဲ့နေရာက ရွာတွေပါ။ မင်းပြားမြို့နယ်ထဲမှာက နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတာ။ ရွာတွေမှာလည်း လူတွေကျန်ခဲ့တာတွေရှိတယ်။ ဖုန်သာတို့၊ စိတ္တရတို့ ငန်းတက်တို့ တောင်ဘုတ်ကယ်တို့ရွာကလူတွေက ထွက်ပြေးလို့ မရသေးတဲ့ လူတွေရှိနေသေးတယ်။ အဲ့ဒီနားမှာ တိုက်ပွဲတွေဖြစ်နေတော့ အဲ့နားမှာ တပ်မတော်က နေရာယူထားတော့ ပြေးလာလို့မရသေးဘူးဗျ” ဟု မင်းပြားမြို့ ရှိ ကျန်းရိပ် ကရုဏာဖောင်ဒေးရှင်းအဖွဲ့ က ဦးသိန်းထွန်း က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းကြောင်းကိုသာ အဓိက အားထားရသည်။ ယခုကဲ့သို့ တိုက်ပွဲများကြား ပိတ်မိနေသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

REC အဖွဲ့ ကိုဇော်ဇော်ထွန်းက “ဒေသခံတွေရဲ့ လုံခြုံရေးအတွက်၊ သက်သေမခိုင်လုံတဲ့ မသင်္ကာတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာ၊ ဖမ်းဆီးနှိပ်စက်တာတွေလုပ်မှာ၊ လက်လွန်သွားမှာ လက်လွတ်စပယ်လုပ်မှာ အဲ့ဒါမျိုးကို စိုးရိမ်ပါတယ်။ အခုက အဲ့ဒီနေရာတွေ ဖုန်းလိုင်းဆက်သွယ်ရေးလည်း အခက်အခဲရှိတယ်၊ အင်တာနက်ဆိုပိုဆိုးတယ်။ သီးသန့်လိုဖြစ်နေတဲ့ ရွာတွေဖြစ်တယ်၊ ရေလမ်းပဲရှိတော့ အခုမိုးတွင်းကာလဆိုတော့ မင်းပြားမြို့ကနေတောင် သွားလာရခက်ခဲတယ်။ ဆိုတော့ သတင်းအချက်အလက်တွေ မရရှိပဲနဲ့ အောက်ခြေမှ ဆိုးဆိုးရွားရွား အခြေအနေဖြစ်သွားမှာကို စိုးရိမ်ပါတယ်” ဟု ဆက်ပြောသည်။

ပိတ်မိပြည်သူများသည် ရခိုင်၊ ချင်း၊ ဒိုင်းနက်စသည့် ဌာနေတိုင်းရင်းသားများ ဖြစ်သည်။

တိုက်ပွဲအတွင်း ပိတ်မိပြည်သူများကို စစ်ဘေးလွတ်ရာသို့ အမြန်ဆုံး သွားခွင့်ပေးသင့်ကြောင်း၊ ယခုကဲ့သို့ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း ဖြစ်သည်ဟုလည်း သုံးသပ်သူ ထောက်ပြသူများရှိသည်။

“အဲ့စစ်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေကိုတော့ လွတ်ရာလွတ်ကြောင်းကို သွားခွင့်ပေးစေချင်တယ်၊ အခုကျနော်တို့က ပိတ်မိနေတဲ့ပြည်သူတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရပြီ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန် မာနိုင်ငံမှာ နိုင်ငံသားတွေက မွေးရာပါ မည်သည့်ဒေသမဆို လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံထဲမှာ အတိအလင်းပြထားတယ်။ သို့သော် ဒီနေ့ကျနော်တို့က ငြိမ်းချမ်းတဲ့ အချိန်ကာလ မဟုတ်ဘူး” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က ဆက်ပြောသည်။

“အခုကျနော်တို့ဒေသမှာက မငြိမ်းချမ်းတဲ့အနေအထားမှာတောင် ဘေးလွတ်ရာကို သွားမယ်ဆိုတာ တပ်ကမသွားခိုင်းတဲ့အနေအထားဆိုတော့ ကျနော်တို့ လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတယ်လို့ ပြောချင်တယ်။ ကျနော်တို့ပြည်သူတွေ အမှန်တကယ်ပဲ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်ဦးကတော့ ဒေသခံပြည်သူများကို ထိုကဲ့သို့သော သွားလာခွင့်ကို ပိတ်မိမှုများ မရှိကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများကိုသာ လုပ်ဆောင်လျှက် ရှိသည်ဟု သတင်းမီဒီယာများအား ပြောသည်။

ဒေသအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်းကြောင့် လူဦးရေ ၃၀၀၀ ကျော်ခန့် စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

မင်းပြားမြို့တွင် စစ်ရှောင်စခန်း ၈ ခုဖွင့်ထားပေးပြီး အဆိုပါ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသူ ၂၅၀၀ ကျော်ခန့်ရှိကာ နီးစပ်ရာ ဆွေမျိုးသားချင်းများအိမ်များနှင့် လုံခြုံသည့်ကျေးရွာတချို့တွင် ခိုလှုံနေကြရသူများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။