မင်းပြား အရပ်သား ၃ ထောင်ကျော် နေရပ်စွန့်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၃ ထောင်ကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကာ အရေးပေါ်အကူအညီများ လိုအပ်နေသည် ဟု ဒေသတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသည်။

ယခုက မင်းပြားမြို့နယ်တွင် စစ်ရှောင်စခန်း ၈ ခုဖွင့်ထားပေးရာ အဆိုပါ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသူ ၂၅၀၀ ကျော်ခန့်ရှိပြီး နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ အိမ်များနှင့် လုံခြုံသည့်ကျေးရွာတချိုတွင် ခိုလှုံနေကြရသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“သေကန်ကျေးရွာမှာ ၁၁၀၀ ကျော်ရှိတယ်၊ အမ်းသားရွာမှာ ၅၀၀ လောက်ရှိတယ်။ မင်းပြားမြို့ရဲ့ ဦးစိုးတင့် ရပ်ကွက်မှာ ၄၀၀ ကျော်ရှိတယ်၊ နရမ်းရွာသစ်မှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းပေါင်းပြီးတော့ ၂၀၀ ကျော်လောက် ရှိတယ်။ သံရှင်သစ်မှာက ၈၀ လောက်ရှိတယ်။ ရတနာမွန်ကျောင်းမှာက ၁၀၀ ကျော်ရှိတယ်။ ပညာရာမ ကျောင်းမှာ ၁၀၀ ကျော်လောက်ရှိတယ်။ အခုမြို့မှာ ရင်းနှီးတဲ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေ အိမ်တွေမှာကော အသိ တွေ အိမ်တွေမှာလာနေကြတာလည်း ရှိပါတယ်။ တခြားရွာတွေပေ့ါ အားလုံးပေါင်း ၄၀၀၀ ကျော်လောက် ရှိနိုင်တယ်” ဟု မင်းပြားမြို့ရှိ ကျန်းရိပ်ကရုဏာဖောင်ဒေးရှင်းအဖွဲ့က ဦးသိန်းထွန်း က ပြောသည်။

အဆိုပါစစ်ဘေးရှောင်များအတွက် ဒေသတွင်းရှိ အလှူရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးနေသော်လည်း လိုအပ်ချက်များ ရှိနေဆဲဟု ဒေသခံများက ပြောသည်။

“လိုအပ်နေတဲ့အနေအထားကတော့ စားရေးအတွက်လိုအပ်တယ်၊ ပြီးရင် ကျန်းမာရေးအတွက်လိုအပ်တာရှိတယ်။ အိမ်သာတွေလိုအပ်တယ်။ ပြီးရင်အဝတ်အစားတွေ၊ ခြင်ထောင်က ပိုလိုအပ်တယ်” ဟု မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောသည်။

စစ်ဘေးရှောင်များအတွက် မိုးတွင်းကာလဖြစ်သောကြောင့် ခြင်ထောင်နှင့် စောင်များအရေးပေါ်လိုအပ်နေသည်ဟု ပြောသည်။

ကျန်းရိပ် ကရုဏာဖောင်ဒေးရှင်းအဖွဲ့က ဦးသိန်းထွန်းက “လူမှုအသင်းအဖွဲ့အစည်းတွေနဲ့ အနီးအနားက ကျေး ရွာတို့ မြေပုံဘက်ကတို့က ဒုက္ခသည်တွေကို လာပေးကြ တယ်။ အစားအသောက်တချို့ကို လာကူညီနေတာပေါ့။ လတ်တလော ဘာတွေများ အရေးပေါ်လိုအပ်နေလဲ ဆိုတော့ စားဝတ်နေရေးက အဓိကပေါ့၊ မိုးတွင်းဖြစ်နေတော့ စောင်နဲ့ခြင်ထောင်၊ အခင်းတွေလည်း လိုတယ်။ အခု ဒီကိုရောက်တာက ၁၀ ရက်လောက်ရှိပြီ” ဟု ပြောသည်။

မင်းပြားမြို့သို့ စစ်ဘေးရှောင်များ ရောက်ရှိနေသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြီးထန်လာပြီး လက်နက်ကြီးကျည်များ ရွာအနီးတဝှိုက်ပစ်ခတ်မှုများပါရှိသည်လည်းအတွက် ထပ်မံရောက်ရှိ လာသူများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လအတွင်း မင်းပြားမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့အပြင် အခြားသော မြို့နယ်များတွင်လည်း တိုက်ပွဲများ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေလျှက်ရှိသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ပလက်ဝ၊ မင်းပြား အဲ့ဒီမှာတွေ ဖြစ်နေတယ်။ ပလက်ဝမြို့နယ်ထဲမှာ နှမဒါရွာရဲ့ အထက်ဘက် မြစ်ချောင်းဘေးမှာ ဖြစ်နေတာရှိတယ်။ သြဂုတ်လထဲမှ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ အဲ့ဒီမှာ တိုက်ပွဲအကြိမ် ရေက ၄ ပွဲဖြစ်တာရှိတယ်၊ ၅ ပွဲ ၆ ပွဲ ဖြစ်တာရှိတယ်။ နယ်မြေကလည်း မြို့နယ်အစုံနီးပါးဖြစ်တယ်။ ၂ ရက်နေ့က မြို့နယ် ၄၊ ၅ခုလောက်မှာ တပြိုင် တည်းဖြစ်တယ်။ တိုက်ပွဲအကြိမ်ရေက ပိုပြီးများလာတာပဲရှိတယ်။ ထိခိုက်ကျ ဆုံးမှုကလည်း အဲ့ထဲမှာ စံချိန်တင် လို့ပြောလို့ရတယ်။ ၅ ရက်အတွင်း ဗမာစစ်တပ်က ကျဆုံးမှုပေါင်း ၁၀၀ အထက်ရှိသွားပြီဗျ” ဟု ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့က ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝမြို့နယ်၏ နေရာ (၄) ခု တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အလားတူ သြဂုတ်လ ၁ ရက်နေ့ကလည်း ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း တပ်မတော်ဘက် အကျအဆုံးအများအပြားရှိသည်ဟု AA က ပြောသည်။

မင်းပြားမြို့နယ်အတွင်းက ကုလားမတောင်၊ ဒုံးသား၊ ဖုန်သာချောင်း၊ သလူချောင်း၊ ဝါးတောင်၊ မြင်းတန်၊ တောင်ပုတ် ကေ၊ လက်ခုပ်၊ ဇုံသာ၊ စိတ္တရစသည့် ကျေးရွာများက ဒေသခံများ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

ထို့အပြင် ကျေးရွာများအတွင်းပိတ်မိနေသူများလည်း အများအပြားရှိနေသေးကြောင်း၊ ဖုန်သာ၊ စိတ္တရ၊ ငန်း တက်၊ တောင်ဘုတ်ကေနှင့် လက်ခုပ်ကျေးရွာတို့အပြင် အခြားသောကျေးရွာများမှ ရွာသားများ တိုက်ပွဲများ အတွင်း ပိတ်မိနေသည်ဟု ဒေသခံများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသည်။