ပင်လုံငြိမ်းချမ်းရေး ညီလာခံ ပြန်လည် ကျင်းပနိုင်ရေး NCA ထိုးအဖွဲ့များ အဖြေရှာမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၀ ရက်။

အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST အစည်းအဝေးကို သြဂုတ်လ တတိယပတ်တွင် ကျင်းပပြီး နိုင်ငံရေး ဆွေးနွေးမှုတွင် နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်နိုင်မည့် အနေအထားရအောင် အဖြေရှာသွားမည်ဟု PPST မှ တာဝန်ရှိသူများ က ပြောသည်။

လာမည့် အစည်းအဝေးတွင် ပင်လုံငြိမ်းချမ်းရေး ညီလာခံ ပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲတွေလည်း လာတော့မယ်။ ဒီအစိုးရရဲ့သက်တမ်းကလည်း တစ်နှစ်ခွဲလောက်ပဲကျန်တယ်။ အဲဒီတော့ ဒီတစ်နှစ် ခွဲအတွင်းမှာ ၂၁ ရာ စုပင်လုံဆိုတဲ့ဟာက ဘယ်လိုကျင်းပကြမလဲ နောက်တစ်ခုကတော့ ကျန်ရှိနေတဲ့ NCA မထိုးထားတဲ့ အဖွဲ့ အစည်း တွေရဲ့ အခြေအနေတွေကိုရော ကျနော်တို့ ဘယ်လိုထည့်သွင်းတွက်ချက်မလဲ”

PPST အစည်းအဝေးကို သြဂုတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသွားမည်ဟု PPST က ပြောသည်။

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း ကော်မတီတို့၏ လုပ်ငန်းစဉ်များအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရမှ အဆိုပြုထားသည့် အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“အစိုးရဘက်ကလည်း လုပ်ငန်းစဉ်လေးရပ်ပါ အဆိုကိုပြုထားပါတယ်။ ဒါတွေလည်း ဆွေးနွေးကြမယ်။ ကျနော်တို့ဘက်က သဘောထားပေါ့၊ ဒီနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ အဲ့ဒါတွေအဓိက ဆွေးနွေးဖို့ဖြစ်တယ်။ အထူးအားဖြင့်တော့ အခု ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အခု ၂၀၁၉ နှစ်ကုန်လောက်မှာတော့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တစ်ခုခေါ်ယူနိုင်ရေး ဒါကိုတော့ အာရုံထားပြီးတော့ ဆောင်ရွက်နေကြပါတယ်။”

ယခုအစည်းအဝေးသည် ပြီးခဲ့သည့် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်တစ်နိုင်ငံံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး(ပထမပိုင်း) ၏ အဆက်ဖြစ်သည်ဟု သိရသည်။

အပစ်ရပ်ထားသည့် အဖွဲ့အစည်းများကြားတွင် တစ်ဆို့နေသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို အကြေအလည် ဆွေးနွေးညှိနှိုင်းပြီးမှသာ နောက်တစ်ဆင့်အနေဖြင့် ဆွေးနွေးဖက်များဖြစ်သည့် အစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးနိုင်အောင် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ထို့ကြောင့် ဆွေးနွေးဖက်များနှင့် အဓိကဆွေးနွေးရမည့် ခေါင်းစဉ်များကို ရရှိအောင် ယခုအစည်းအဝေးတွင် အဖြေရှာသွားမည်ဟု ဦးသံခဲ က ဆက်ပြောသည်။

“နောက်ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်တွေရှိတယ် ဆွေးနွေးလက်စ ခေါင်းစဉ်တွေရှိတယ် မဆွေးနွေးရသေးတဲ့ ခေါင်းစဉ်တွေရှိတယ် ဒီဟာတွေကို ဘယ်အတိုင်းအတာအထိ ဆွေးနွေးနိုင်မလဲ ဒါတွေကို ကျနော်တို့က စုဖွဲ့မှုအရလည်း ဆွေးနွေးရမှာ ဖြစ်သလို နိုင်ငံရေး ဆွေးနွေးပွဲမှာ အထောက်အကူပြုမယ့် ဆွေးနွေးဖက် တစ်ဖက်နှင့် ဆွေးနွေးရမယ့် ခေါင်းစဉ်တွေကိုလည်း ကျနော်တို့ ရှာဖွေရမယ်လို့ ယူဆတယ်”

လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲများတွင် အဓိကကျသည့် အချက်များဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည် ထောင်စုတည် ဆောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာဏာခွဲဝေရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးရာ၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေး အစရှိသည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးနိုင်ခြင်းမရှိသေးပေ။

အဆိုပါ အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းမည်ဆိုပါက NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များလည်း ပါဝင်ရန်အထူးလိုအပ်သည်ဟု ABSDF ဥက္ကဋ္ဌ ကပြောသည်။

“ဖက်ဒရယ် မူဝါဒဆိုတာ ကျနော်တို့နဲ့တင် လုံလောက်တာ မဟုတ်ဘူး။ အခုကျန်ရှိနေတဲ့ အဖွဲ့အစည်းတွေကလည်း ဒီမူဝါဒတွေနဲ့ သက်ဆိုင်တယ်။ အကောင်းဆုံးကတော့ NCA လက်မှတ်မထိုးထားတဲ့ လူတွေလည်း ဒီဖြစ်စဉ်ထဲမှာ ပါဝင်နိုင်ဖို့လိုတယ်။ အားလုံးအတူတကွ ဒီမိုကရက်တစ် ဖက်ဒရယ် အခြေခံမူတွေကိုလည်း အဓိကအချက်တွေကိုလည်း အမြန်ဆုံးဆွေးနွေးနိုင်ဖို့ လိုတယ်”

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။