မွန်ပြည်နယ်ရေကြီးမှုကြောင့် ဆားကြမ်းများ သိန်း ၇၁၀၀ ကျော်ဖိုး ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
မွန်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သံဖြူဇရပ်မြို့ နယ်နှင့် မော်လမြိုင်မြို့တို့တွင် သိုလှောင်ထားသည့် ဆားကြမ်းများ ပျက်စီးခဲ့ကာ ကာလတန်ဖိုး ကျပ်သိန်း ၇၁၀၀ ကျော် ဆုံးရှုံးခဲ့သည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးတာဝန်ရှိသူများက ပြောသည်။
သြဂုတ်လ ၉/၁၀ ရက်နေ့တို့တွင် သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် မွန်ပြည်နယ်အတွင်း ဆားကြမ်းအများ ဆုံးထုတ်လုပ်နေသည့် သံဖြူဇရပ်မြို့ နယ် ပငကျေးရွာအုပ်စု၊ ဂရုပ္ပိကျေးရွာအုပ်စုနှင့် မော်လမြိုင်မြို့ပေါ်ရှိ ဆားစက်တစ်ခုတို့မှ သိုလှောင်ထားသည့် ဆားကြမ်းပိဿာချိန် စုစုပေါင်း ၄၇ သိန်းကျော် ရေဝင်ပြီး ပျက်စီးသွားခြင်းဖြစ်သည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှုးက ပြောသည်။
“ကောက်ထားတဲ့စာရင်းအရတော့ ပျက်စီးမှုက သံဖြူဇရပ်မြို့ နယ်က ပငကျေးရွာအုပ်စုနဲ့ ဂရုပ္ပိကျေးရွာအုပ်စု နောက်မော်လမြိုင်ပါတယ်၊ ကျန်တဲ့မြို့ နယ်က ရေးတို့ဘာတို့ဆို ရေကြီးပေမယ့် ဂိုဒေါင်မမြုပ်ဘူး ဆားမပျက်ဘူး၊ ပျက်စီးမှုက အားလုံးဆားကြမ်းပိဿာချိန် ၄၇ သိန်းကျော်နဲ့ ဆားချောပိဿာချိန် ၁ သောင်းပေါ့ ပျက်စီးသွားတယ်” ဟု ပြည်နယ်ဦးစီးမှုး ဦးခင်စိုးက ပြောသည်။
ပငကျေးရွာအုပ်စုတွင် ဂိုဒေါင် ၃၄ လုံးမှ ဆားကြမ်းပိဿာချိန် ၄၁ သိန်းကျော်၊ ဂရုပ္ပိကျေးရွာတွင် ဂိုဒေါင် ၁၃ လုံး မှ ဆားကြမ်းပိဿာချိန် ၆ သိန်းနှင့် မော်လမြိုင်ဆားစက်လုပ်ငန်းတစ်ခု ဆားကြမ်းပိဿာချိန် ၂ သောင်းနှင့် ဆားချောပိဿာချိန် ၁ သောင်းတို့ ပျက်စီးဆုံးရှုံးခဲ့သည်။
ဆားကြမ်းထုတ်လုပ်သည့် အခြားမြို့ နယ်တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သော်လည်း ဆားကြမ်းသိုလှောင်ထားသည့် ဂိုဒေါင်များ နစ်မြုပ်မှုမရှိသည့်အတွက် ဆားပျက်စီးဆုံးရှုံးမှုမရှိကြောင်း သံဖြူ ဇရပ်မြို့နယ်နှင့် မော်လမြိုင်မြို့တို့တွင်သာ ဆားပျက်စီးဆုံးရှုံးမှုရှိကြောင်း ဦးခင်စိုးက ဆက်ပြောသည်။
“မနှစ်က ဂိုထောင်တွေ ရေမြုပ်ထားတော့ ဒီနှစ်မှာ ဂိုထောင်တွေကို မြှင့်ပြီးတော့ လုပ်ထားတယ်၊ ဒီနှစ်မိုးလည်းရွာရော ရေကမနှစ်ကထက်ပိုတက်လာတယ် မနှစ်ကထက်ကို ၂ ပေလောက်တက်လာတော့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး” ဟု ဆားကြမ်းပိဿာချိန် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးသွားသည့် ပငကျေးရွာမှ ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုကြောင့် သံဖြူဇရပ်မြို့ နယ်အတွင်းတွင် ဆားကြမ်းများသာမက ငပိလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ကြက်စာလုပ်ငန်းတို့လည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
ယမန်နှစ်ကလည်း ရေကြီးနစ်မြုပ်မှုကြောင့် ဆားကြမ်းသိုလှောင်ထားသည့် ဂိုထောင် ၁၉ လုံးမှ ဆားကြမ်း ပိဿာချိန် ၂၆ သိန်းကျော် စုစုပေါင်းတန်ဖိုး သိန်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း ပျက်စီးဆုံးရှုံးသွားသည့် ဆားတောင်သူများကို ဆားလိုင်စင်ကြီးကြပ်ခွန်ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း ဦးခင်စိုးက ပြောသည်။
မွန်ပြည်နယ်မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။
မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့ နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့ နှင့် စက်စဲ၊ ပေါင်မြို့ နယ် ထန်းပင်ချောင်း ရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာဒေသ ဖြစ်သည်။