ကယားလူငယ် ၆ ဦးကို စွဲချက်မိန့်ချမှတ်၊ နိုင်လွတ်လုံ ဥပဒေဖြင့် တရားစွဲသွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။

ကယားပြည်နယ် အစိုးရ၏ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးမှ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားရုံးက စွဲချက်တင်ကြောင်း ဆုံးဖြတ်လိုက်သည်။

သြဂုတ်လ ၂၆ ရက်နေ့ (ယနေ့) ၉ ကြိမ်မြောက်ရုံးချိန်းတွင် ကရင်နီလူငယ်များအား စွဲချက်တင်ထားသည့် ပုဒ်မသည် အမှုမြောက်သည့်အတွက် အမှုကို ဆက်လက်စစ်ဆေးသွားမည်ဆိုကာ လွိုင်ကော်မြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကရင်နီလူငယ် ၆ ဦး အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့ နေ ဦးစောခူးတလေက “ဒီရက်က စွဲချက်အမိန့်ချဖို့ရုံးချိန်းပေါ့နော်။ ရုံးချိန်းမှာ တရားသူကြီးက စွဲချက်တင်လိုက်တာပေါ့။ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ပဲ စွဲချက်တင်တာပါ။ အခုက ကျနော်တို့ သက်သေပြပြီးတော့ ဒီအမှုကို ဆက်ပြီးတော့ ရင်ဆိုင်သွားဖို့ရှိတာပေါ့။ နောက်ထပ်ရုံးချိန်းကတော့ နောက်လ ၄ ရက်နေ့ပါ” ဟု ပြောသည်။

ယခုကဲ့သို့ တရားရုံးက စွဲချက်တင် အမိန့်ချလိုက်အပေါ် ကိုဒီးဒီ က “အခုလက်ရှိ ကျနော်တို့ကို စွဲတဲ့ဥပဒေက ပြည်သူကို ကာကွယ်ဖို့ဖြစ်တယ်။ ဒါပေမယ့် ပြည်သူကို ဖိနှိပ်နေတဲ့ ဥပဒေ ဖြစ်တယ်။ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ တရားရုံးတွေ ဒီဥပဒေကိုင်ပြီးမှ ကျနော်တို့ကို တရားစွဲတဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကို ကျနော်ပြောချင်တာကတော့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေကို ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် သုံးတယ်ဆိုတာက ခင်ဗျားတို့က အမြော်အမြင် အင်မတန်မှ နည်းတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်” ဟု ပြောသည်။

ပုဒ်မ ၁၀ ဖြင့် စွဲချက်တင်ခံလိုက်ရသည့် လူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်း သားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေ သည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့်စာ ကြောင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရကာ ယနေ့တွင် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် တရားရုံးက စွဲချက်တင် လိုက်ခြင်း ဖြစ်သည်။

နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နှင့် ပတ်သက်၍ ရှေ့နေဦးစောတလေ က “နိုင်လွတ်လုံဆိုတော့ ဥပဒေကို ပြဌာန်းတဲ့ ရည်ရွယ်ချက်က ပြည်သူတွေကိုကာကွယ်ဖို့၊ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို ကာကွယ်ပေးဖို့အတွက် ရည်ရွယ်ပြီးတော့ တောင်းဆိုခဲ့ကြတယ်။ ရည်ရွယ်ခဲ့ကြတယ်။ ဆိုတော့ ရည်ရွယ်ချက်နဲ့တော့ လွဲနေတယ်ပေါ့” ဟု ပြောသည်။

“ဒီဥပဒေကို ပြဌာန်းဖို့ ကျနော်တို့လူမှုအသင်းအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကနေ တောင်းဆိုရင်းနဲ့မှ ဒီ NLD အစိုးရလက်ထက်မှာ အကောင်အထည်ဖော်တာပေါ့။ ကျနော်တို့ ပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုင်ရာအတွက် ပြဌာန်းပေးတဲ့ ဥပဒေဖြစ်တယ်ပေါ့။ ဒီဥပဒေမှာက ရည်ရွယ်ချက်လည်း မပါလာဘူး။ ဆိုတော့တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ဒီဥပဒေက မရောက်ပဲနဲ့ ဒီကြားကနေပြီးမှ လူတစ်စုအတွက် အသုံးချစရာဖြစ်သွားတယ်လို့ပဲ ကျနော်က အဲ့လိုသုံးသပ်ပါတယ်။”

လက်ရှိဖြစ်ပွားနေသော ပြသဿနာများ၏ စတင်မြစ်ဖျားခံရာသည် လူနည်းစု တိုင်းရင်းသားများ၏ သမိုင်းနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် တန်းတူအခွင့်အရေးများကို အစိုးရအနေဖြင့် လျစ်လျူရှု့ကာ အသိမှတ်မပြုခြင်းတို့ကြောင့်ဖြစ်သည်ဟု ကရင်နီလူငယ်များက ဆိုသည်။

“ကျနော်တို့ ကိုယ့်လူမျိုးစုရဲ့ သမိုင်းတွေ ကိုယ့်ပြည်နယ်ရဲ့ သမိုင်းကို ဖော်ထုတ်နေတာဟာ တစ်စုံတစ်ယောက်ကို နစ်နာစေဖို့အတွက် ဖော်ထုတ်နေတာ မဟုတ်ဘူး။ ဒါဟာ ဒါဟာ အမှန်တကယ် ရှိပါတယ် ဆိုတဲ့ဟာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဒါကရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်လို့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက သတ်မှတ်တယ်ဆိုတော့ ကျနော်တို့က ရဲရဲကြီး ဒီကိစ္စကို ရင်ဆိုင်သွားမယ်” ဟု ခွန်းသောမတ်စ် ကပြောသည်။

ထို့အပြင် လက်ရှိတရားစီရင်ရေးစနစ်နှင့် ပတ်သက်၍ ကရင်နီလူငယ်များက ယခုလိုထောက်ပြသည်။

ခူးကြူးဖဲကေး(ခ)ဂူးဂူး က “တရားစီရင်ရေးစနစ်က ကျနော်တို့ နိုင်ငံမှာ လွတ်လပ်မှု မရှိသေးပါဘူး။ အုပ်ချုပ်ရေး အာဏာပိုင်က အများကြီး ဝင်ရောက်စွက်ဖက်မှု ရှိနေတယ်။ ဒါကို ဒီနေ့ တရားရုံးကလည်း သက်သေထူလိုက်တာဖြစ်တယ်။ သက်သေမခိုင်လုံဘူး အမှုတည်ဆောက်မှု မခိုင်လုံပဲနဲ့ ကျနော်တို့ကို စွဲချက်တင် လိုက်တာဖြစ်တယ်။ ဒါကဥပဒေနဲ့ မညီတဲ့ကိစ္စဖြစ်တယ်။ တစ်လက်စထဲမှာပဲ ဒါဟာခြုံပြီးပြောရရင် အုပ်ချုပ်ရေး အာဏာ ပိုင်တွေက တရားစီရင်ရေး စနစ်မှာ ဝင်ရောက်စွက်ဖက်မှု ရှိနေတယ်ဆိုတာကို ထောက်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကရင်နီ လူငယ် ၆ ဦးက လက်မှတ်ထိုး ထုတ်ပြန်ထားသည့် စာကို အခြား ကရင်နီလူငယ် ၁၆၀ ကျော်က ထပ်မံ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသေးသည်။

သို့သော် ၎င်းထုတ်ပြန်စာအပေါ် ပြည်နယ်အစိုးရဖက်မှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးဟု သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ ကရင်နီလူငယ်များကို ရုံးထုတ်သည့်နေ့တွင် အနယ်နယ်အရပ်ရပ်က လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများက လာရောက်ဝန်းရံခဲ့ကြသည်။

လူငယ် ၆ ဦးအနေဖြင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှား တရားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ကျခံရ နိုင်သည့်အပြင် ငွေဒဏ်အားဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု သိရသည်။