သယံဇာတထုတ်ယူမှုများကို ပြည်နယ်များက ကွပ်ကဲနိုင်ရန် ဥပဒေပြဌာန်းရေး တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်။
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ၊ ပြည်နယ်သူ/သားများအနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝ သယံဇာတပစ္စည်းများကို စီးပွားရေးလုပ်ငန်းများက ထုတ်ယူသုံးစွဲနေခြင်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် လိုအပ်သည့် ဥပဒေများကို ပြဌာန်းပေးရန် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က တောင်းဆိုလိုက်သည်။
ပြည်နယ်သူ/သား ဌာနေတိုင်းရင်းသားများ နေထိုင်လုပ်ကိုင်နေကြသည့် မြေယာများ၊ သဘာဝသယံဇာတများ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်များကို ဆုံးရှုံးစေသည့် ဥပဒေများကိုလည်းပြင်ဆင်ပေးရန် KDNG က ပြောသည်။
KDNG အထွေထွေအတွင်းရေးမှူး ကိုစာဂျီး က “အဓိကတော့ ကျနော်တို့ ဗဟိုအစိုးရနဲ့ တပ်မတော်ကို ဦးတည် တာပါ။ ပြည်နယ်အစိုးရကတော့ ရှိပေမယ့် ဘာမှ အာဏာပါဝါရှိတာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရက ဌာနေ တိုင်းရင်းသားအခွင့်အရေး စစ်မှန်စွာရရှိရေး၊ ပြည်နယ်သူပြည်နယ်သားပိုင်ဆိုင်ခွင့်မှု ၂၀၀၈ ဖွ့ဲစည်းပုံထဲက ပုဒ်မ ၃၇ ကို ပြောင်းကိုပြောင်းရမယ်။ (က) ရော (ခ) ရော ဒါကို ပြောင်းပြန်ရေးရမယ်၊ ဒီဥပဒေကို ပြုပြင်ရမယ်” ဟု ပြောသည်။
ပြည်နယ်အတွင်းရှိ မြေယာများအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သဘာဝ သယံဇာတများ အားလုံး၏ ပိုင်ရှင်သည်လည်း ကချင်ပြည်နယ်သူ/သား ဌာနေတိုင်းရင်းသားများဖြစ်သည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သော “သွေးစွန်းသော ပယင်း” အစီရင်ခံစာထဲတွင် ထောက်ပြထားသည်။
“ပြည်နယ်သူပြည်နယ်သားပိုင် ရေ မြေ သယံဇာတဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့၊ အခုက နိုင်ငံတော်ပိုင် ဗဟိုပိုင် ရှိရှိသမျှ ဘဘာဝသယံဇာတ ရေ မြေ အားလုံးက ဗဟိုပိုင်ဆိုတာ ပြည်နယ်သူ ပြည်နယ်သားပိုင်၊ ကချင်ပြည် နယ် အစိုးရပိုင်သည်ဆိုတဲ့ဟာ၊ ဗဟိုအပိုင်မဟုတ်ဘူး။ ဌာနေတိုင်းရင်းသား တိုက်ရိုက်ပါဝင်ဆုံးဖြတ်လို့ရတယ် စီမံခန့်ခွဲလို့ရတယ်ဆိုတဲ့ ဥပဒေတွေ ပြောင်းလိုက်ရမယ်။ ဒါမှ ကိုယ်ပြည်နယ်၊ ကိုယ့်မြေ၊ ကိုယ့်ရေ ကိုယ့်ဇာတိ မြေ၊ ဌာနေတိုင်းရင်းတွေရဲ့ အခွင့်အရေးကို အပြည့်အဝအကောင်အထည် ဖော်နိုင်မယ်။ ဒါတွေကို ပြင်ဆင်ရမယ် အစိုးရက” ဟု ကိုစာဂျီး က ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁) အပိုဒ် ၃၇(က)(ခ) သည် မြန်မာနိုင်ငံ၏ သယံဇာတများအားလုံးကို ဗဟိုအစိုးရကပိုင်ပြီး သင့်တော်ပါက သဘာဝသယံဇာတများကို တူးဖော်ထုတ်လုပ်ရန် အခွင့်အာဏာရှိသည်ဆိုသည့် အချက်များကို ပြဌာန်းထားရာ ယင်းတို့ကို ပြင်ဆင်ရန် တိုက်တွန်းထားသည်။
အခန်း(၁) အပိုဒ် ၃၇(က) တွင် နိုင်ငံတော်သည် နိုင်ငံတော်၏ နယ်နမိတ်အတွင်းရှိ မြေယာအားလုံး၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိသဘာဝသယံဇာတများ အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ဆိုသည်။ အပိုဒ် ၃၇ (ခ) တွင် နိုင်ငံတော်သည် သဘာဝသယံဇာတပစ္စည်းများအား စီးပွားရေး လုပ်ငန်းများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်ဟု ရေးသားထားသည်။
ကချင်ပြည်နယ်သူ/သား ဌာနေတိုင်းရင်းသားများသည် ပြည်နယ်အတွင်းရှိ မြေယာများအားလုံး၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သဘာဝသယံဇာတများ၏ ပိုင်ရှင်ဖြစ်ကြောင်းနှင့် သဘာဝ သယံဇာတပစ္စည်းများအား စီးပွားရေးလုပ်ငန်းများက ထုတ်ယူသုံးခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သော ဥပဒေများကိုလည်း ပြဌာန်းခွင့်ရသူများသည် ဒေသခံဌာနေတိုင်းရင်းသားများဖြစ်ကြောင်း ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံရေးနှင့် ဥပဒေရေးအရ လက်တွေ့ကျင့်သုံးနိုင်စေရန် ပြင်ဆင်ရမည်ဟု KDNG က ပြောသည်။ အကယ်၍ အဆိုပါဥပဒေကို မပြင်ဆင်ပါက ဒေသများအတွင်း၊ ပြည်နယ်များအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးများ ငြိမ်းနိုင်မည်မဟုတ်ဘူးဟုလည်း ကိုစာဂျီးက ဆက်ပြောသည်။
“မပြင်ဆင်လို့ရှိရင် တသက်လုံး ငြိမ်းချမ်းရေးမရဘူး။ တသက်လုံး ပဋိပက္ခနဲ့ဖြစ်နေမယ်ဆိုတဲ့ဟာကို ရှင်းရှင်း လင်းလင်းမြင်ရမယ်။ တပ်မတော်ရဲ့ စစ်တပ်တိုးချဲ့မှုနဲ့ ဗဟိုအစိုးရရဲ့ အကျိုးစီးပွားကိုပဲ ဦးတည်တာက ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဒါကို ဖြေရှင်းဖို့အတွက်က ဒီဥပဒေတွေ ရှင်းရှင်းလင်းလင်း ပြုပြင်ရမယ်ဆိုတဲ့အပိုင်း တွေပေ့ါနော်။”
မြေယာသိမ်းဆည်းမှုများ လတ်တလော ဆက်တိုက်ဖြစ်နေပြီး တောင်သူများ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံခြင်း များနှင့် ကြုံတွေ့နေရသည့် ကယားပြည်နယ် တောင်သူအရေးလုပ်ဆောင်နေသူများကလည်း အဆိုပါဥပဒေ ပြင်ဆင်နေရးနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
ကရင်နီပြည်တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က “ဥပဒေအရ အကာအကွယ်ယူတစ်ခုအနေနဲ့ ပြန်ယူပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အခြေခံဥပဒေပုဒ်မ ၃၇(က)(ခ) မှာ နိုင်ငံ တော်အတွင်းရှိတာအားလုံး အစိုးရပိုင်ပါတယ်လို့ အတည်ပြုတာပေါ့၊ တရားဝင်အောင် ပြောလိုက်သလိုမျိုးလို့ ယူဆတယ်။ ဆိုတော့ ဒီမြေတွေက ကျနော်တို့ တိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံတွေ၊ မြေယာပိုင်ဆိုင်မှုတွေကို အလေးမထားဘူး။ အသိအမှတ်မပြုဘူး၊ တန် ဖိုးလည်း မထားဘူး၊ ဂရုလည်းမစိုက်ဘူး။ အဲ့ဒီဂရုစိုက်မှု အသိအ မှတ်ပြုမှုမပါပဲနဲ့ လစ်လျူရှုနေမယ် ပျက်ကွယ် နေမယ်ဆိုရင်တော့ ဒီမြေယာပြဿနာတွေ၊ ပဋိပက္ခတွေက ဆက်ဖြစ်နေအုံးမှာပဲပေါ့” ဟု ပြောသည်။
“၂၀၀၈ မပေါ်ခင်ကနေ ကျနော်တို့ တိုင်းရင်းသားတွေ ဆုံးရှုံးခဲ့ရတာ။ ဆိုတော့ ဒါကိုပြင်မယ်ဆိုရင် ကျနော်တို့ အတွက်က အကောင်းဆုံးဖြစ်မယ်လို့မြင်တယ်။ နိုင်ငံတော်အစိုးရပိုင်တယ်ဆိုတာ နိုင်ငံတော် အစိုးရက ဘယ် သူလဲ၊ နိုင်ငံတော်ဆိုတာ ပြည်သူကနေဆင်းလာတယ် ဆိုတဲ့ဟာမျိုး ပြင်ဆင်မှုကို ထည့်ရင် အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ယူဆတယ်။ ကျနော်တို့တိုင်းရင်းသားတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ရှင်သန်ရပ်တည်မှုတွေကို နိုင်ငံ တော်က အသိအမှတ်ပြုပေးမယ်ဆိုရင် ဒါကနိုင်ငံတော်ဆိုတာက ပြည်သူတွေဖြစ်လာလိမ့်မယ်။”
အဆိုပါဥပဒေကို အမှန်တကယ် ပြင်ဆင်နိုင်မည်ဆိုပါက တိုင်းရင်းသားပြည်နယ်များအတွက် အထောက်အကူ ပြုမှုမည်ဖြစ်ကြောင်း၊ ဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း မလုပ်နိုင်ခင် အရေးကြီး လုပ်ဆောင်ရမယ့် အချက်များရှိသည်ဟု ရှမ်းသဘာဝအဖွဲ့ က စိုင်းခေးဆိုင်က ယခုကဲ့သို့ပြောသည်။
“ကိုယ့်ပြည်နယ်မှာ လုပ်ပိုင်ခွင့်နဲ့ပြဌာန်းပိုင်ခွင့်က မရှိသေးလို့ရှိရင်လည်း ဒီပြဿနာကြီးက မငြိမ်းနိုင်ဘူးပေါ့ နော်။ ဥပဒေပြင်ဖို့ အမြင့်ဆုံးပြုပြင်ပြောင်းလဲချက်နဲ့ အမြင့်ဆုံးတောင်းဆိုချက် ကိုယ့်ပြည်နယ်ကိုယ်ပြဌာန်းခွင့် ပေါ့။ ပေးနိုင်ရင်ပိုကောင်းတယ်။ လတ်တလောအချိန်အရ အခြေအနေအရပဲဖြစ်ဖြစ် ကြန့်ကြာနေ အုံးမယ်ဆိုရင် တော့ ကိုယ့်ပြည်နယ်ထဲက အစိုးရကို အဲ့ဒီဆုံးရှုံးသွားတဲ့ထိခိုက်သွားတဲ့ လူတွေရော၊ မြေယာကြောင့်၊ စီမံကိန်း ကြောင့် ထိခိုက်တာတွေ ပြန်လည်ကုစားဖို့၊ ပြီးတော့ ပျက်ဆီးသွားတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ပြန်လည် ထိန်းသိမ်း ပေးဖို့ ရှိလာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဘာမှမပြင်ပေးနိုင်ခင် လက်တွေ့အရ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးပေါ့။ လူ့အသိုင်းအဝန်းမငြိမ်သက်မှုတွေ၊ ပြဿနာတွေက အဲ့မှာပဲရှိနေတာလေ။”
သြဂုတ်လ ၂၀ ရက်နေ့က “သွေးစွန်းသော ပယင်း” ဆိုသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ပြီး တောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁) အပိုဒ် ၃၇(က)(ခ) ဒေသအတွင်းက ဌာနေတိုင်းရင်းသားများ ဆုံးရှုံးနေရသည့် အခွင့်အရေးများ၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို မလေးစားသင့် အချက်များ၊ ဌာနေတိုင်းရင်းသားများ မြေရှင်ဘဝ လုပ်ငန်းရှင်ဘဝမှ မြေမဲ့၊ အလုပ်မဲ့ ဘဝများသို့ ရောက်ရှိအောင် တွန်းပို့နေသည့်အချက်များ၊ တနိုင်း(ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း) တပ်မတော်၏ ထိုးစစ် များ၊ တင်းကြပ်မှုများ၊ ဆုံးရှုံးခဲ့ရသည့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ၊ သဘာဝသယံဇာများအပေါ် ဗဟိုအစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများ၊ ပယင်းမှရှိသည့် အကျိုးအမြတ်များကို မြန်မာနိုင်ငံထက် အိမ်နီးချင်း တရုတ်နိုင်ငံကသာ အကျိုးအမြတ်များစွာကို ရရှိသွားခြင်းများကို မီးမောင်းထိုး ထောက်ပြခဲ့ထားသည်။