မြန်မာလူငယ်နှစ်ဦး လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အယူခံ ရှုံးနိမ့်

သတင်းနှင့်မီဒီယာကွန်ရက်။
သြဂုတ်လ ၂၉  ရက်နေ့၊ ၂၀၁၉ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရသည့် မြန်မာနိုင်ငံသား မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း တို့နှစ်ဦး၏ နောက်ဆုံးအယူခံ ကို ထိုင်းတရား လွှတ်တော်မှ ပယ်ချလိုက်ပြီး သေဒဏ်ကျခံရန် အမိန့်ဆက်ချမှတ်ခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က ထိုင်းတရားလွှတ်တော်သို့ ထိုင်းအစိုးရရှေ့နေဖက်မှ အယူခံ ခုခံလျှောက်လဲချက် တင်သွင်းခဲ့ပြီးနောက် အပြီးသတ် အမိန့်ချမှတ်မှုအား စောင့်ဆိုင်းခဲ့ရာမှ တစ်နှစ်ခွဲနီးပါးအကြာတွင် နွန်ထပ်ဘူရီခရိုင်တရားရုံး၌ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့တရားရုံးသို့ သွားရောက်နားထောင်ခဲ့သည့် မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်မှ “ နွန်ထပ်ဘူရီ ခရိုင်တရားရုံး မှာ အမိန့်ချတာပါ။ ၁၀ နာရီကနေစပြီးတော့ အမှုဖြစ်စဉ်နဲ့ အမှုဖြစ် ရပ်တွေကို သုံးသပ်တဲ့ဟာကို ၃ နာရီလောက် ဖတ် တယ်၊ ဖတ်ပြီးတော့ တနာရီ အချိန်မှာ နောက်ဆုံးအမိန့်ကိုချတယ်၊ အမိန့်ကတော့ စာမျက်နှာ တမျက်နှာပဲ၊ အောက်ရုံးသုံးသပ်တဲ့အမိန့်မျိုး သုံးသပ်ပြီးတော့မှ နောက်ဆုံးမှာ အဲ့ဒီ သေဒဏ်ကိုပဲ ဆက်ပြီးတော့ အတည်ပြုတယ်ပေါ့၊ သေဒဏ်ပဲ ဖြစ်တယ်ပေါ့၊ အဲ့အမိန့်ပဲ ဆက်ချပေးတာပေါ့။” ဟုပြောသည်။

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့်သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးခံခဲ့ရသော မြန်မာနှစ်ဦးသည် စာမျက်နှာ ၃၁၉  မျက်နှာပါရှိသည့် အချက်အလက်များ စုစည်း၍ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကော့စမွေ တရားရုံးမှ တဆင့် အဆင့်မြင့် ထိုင်းအယူခံတရားရုံးတွင် နောက်ဆုံး အယူခံ တင်ခဲ့သည်။

တရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရုံးတော်မှ ဖတ်ကြားမှုအပေါ် အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်မှ “သူတို့ရဲ့ ပြောချင်တာကတော့ အောက်ရုံး နောက် ပထမအယူခံ ရုံးမှာ တင်ပြတဲ့ အချက်တွေမှ တစ်ပါး အခု နောက်ဆုံး အယူခံတက်တဲ့အခါမှာလည်း အကြောင်းအရာ သစ်တွေနဲ့ တင်ပြထားတာ မရှိဘူး၊ ဒါကြောင့်မို့ အရင်ပေါ်ပေါက်တဲ့ အကြောင်းအရာတွေ ပေါ်မှာ သုံးသပ်တဲ့အတိုင်းပဲ လိုက်ပြီးတော့ သုံးသပ်ပြီးတော့ မူလရုံးရဲ့ အမိန့်အတိုင်း အမိန့်ချရတယ်လို့ သုံးသပ်ပါတယ်။” ဟု သတင်းနှင့်မီဒီယာ ကွန်ရက် သို့ပြောဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၏ နောက်ဆုံး အယူခံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ ထိုင်းတရားလွှတ်တော်မှ လက်ခံခဲ့ပြီး ၎င်းအယူခံနှင့်ပတ်သက်၍ အစိုးရရှေ့နေများဖက်မှ လျှောက်လဲချက်ပေးရမည့်ရက်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ လျှောက်လဲချက်တင်ပေးရန် သတ်မှတ်ထားခဲ့သော်လည်း အဆင်သင့်မဖြစ်ခြင်း ၊ ထိုင်းရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေခြင်း စသည့်အကြောင်းပြချက်များဖြင့် ၆ လကြာ ရက်တိုးတောင်းခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့၌ ခုခံလျှောက်လဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နောက်ဆုံးအယူခံအပေါ် ထိုင်းတရားလွှတ်တော်မှ အပြီးသတ်အမိန့်ချမှတ်ရန် တစ်နှစ်နှင့် ၅ လကြာ စောင့်ဆိုင်း လာခဲ့ရပြီးနောက် တရားရုံးမှ ယနေ့အမိန့်ချမှတ်ခဲ့မှုအပေါ် အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်မှ ယခုကဲ့သို ပြောသည်။

“ဒီ တရားခံလေးတွေကနေပြီးတော့ အန်ကယ်တို့ တရားခံ ဖက်ကတင်ပြတယ်၊ တရားခံလေးတွေက သူတို့ကို အချူပ်ခံထဲမှာ မျက်နှာကိုအုပ်ပြီးတော့ ဂွေးကို လက်နဲ့တောက်တယ်ဆိုတဲ့ကိစ္စ၊ နောက်တ ခါ အချုပ်ခန်းထဲမှာ ကိုယ်လုံးတီးချွတ်ပြီးတော့ အအေးဖွင့်ထားပြီးတော့ ဒုက္ခခံခိုင်းတဲ့ကိစ္စ၊ ဒီလိုပြော တဲ့ကိစ္စတွေကို အန်ကယ်တို့က ခုခံတဲ့အနေနဲ့ ဒါကြောင့်မို့အမှုမှာ မတရားဝန်ခံရတာလို့ ပြောတဲ့ ဟာကို သူတို့က ဘယ်လိုသုံးသပ်လည်းဆိုတော့ အစိုးရပိုင်းတွေရှိတဲ့ ရုံးတွေနေရာမှာ ဒီလိုအချုပ် စခန်းတွေမှာ ဒီလိုဖြစ်တယ်ဆိုတာ အပြောလွယ်သလောက် တကယ်ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး နည်းတယ်ပေါ့လေ၊ အဲ့လိုသုံးသပ်သွားတယ်။”

တဆက်တည်းမှာပင် အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ဆက်ပြောသည်မှာ “နောက်တစ်ခုက ဒေါက်တာ ဖွန်ထစ် ကိုယ်တိုင်က ပေါက်တူးရိုးပေါ်မှာ DNA မတွေ့ပါဘူးဆိုတာ ပြောထားတာ ရှိ တယ်ပေါ့၊ အဲ့တော့ DNA အနေနဲ့ ပေါက်တူးရိုးမှာမတွေ့ဘူးဆိုတဲ့အချက်ကတော့ ဒီ တရားခံတွေ ကနေ ဒေးဗစ် နဲ့ ဟန်နာ ကို သတ်ပြီးတဲ့အချိန်မှာ ဒီပင်လယ်နားမှာဖြစ်တဲ့အမှုမို့လို့ ပင်လယ်ရေနဲ့ ဆေးလို့ရှိရင်လည်း DNA ဆိုတာ ပျောက်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်တာမျိုးလေးတွေက အန်ကယ် တို့ တော်တော်လေးကို စိတ်မကောင်းစရာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ခုနက တင်ပြနိုင်တဲ့အ ချက်ကြတော့ မဖြစ်နိုင်ဘူးပြောတယ်။ တကယ်တမ်း ပေါ်ပေါက်နေတဲ့ အချက်ကို ကြတော့ သူတို့က ပင်လယ်ရေနဲ့ဆေးလို့ ပျောက်တယ်ဆိုတဲ့ အချက်တွေကတော့ စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။”ဟု လည်း ထောက်ပြပြောဆိုခဲ့သည်။

နောက်ဆုံးအယူခံပယ်ချခံရခဲ့ရသည့်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်အတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတာဝန်ရှိသူများနှင့် ထိုင်းရှေ့နေများကောင်စီ မှ တာဝန်ရှိသူတို့ တိုင်ပင်ပြီး ပြင်ဆင်နေကြသည်ဟု ဦးအောင်မျိုးသန့် မှ ဆက်ပြောသည်။

အန်ကယ်တို့ကတော့ အမှန်တရားရရှိမယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီ အယူခံ တက်ခဲ့တာပါပဲ ဒါပေမယ့် အခုလို အမိန့်ချတဲ့အခါကြတော့ အန်ကယ်တို့က ဆက်ပြီးတော့ ဥပဒေနဲ့ လုပ်လို့မရတဲ့အခါမှာတော့ ဘုရင့်ထံ အသနားခံဖို့ တခုပဲလုပ်မှာပါ၊

ယနေ့ အမိန့်ချမှတ်မှုကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံမှူးကြီး ဦးအောင်ကျော်သူရ နှင့် မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် အပါအဝင် အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများနှင့် စိတ်ဝင်စားသူတချို့ လာရောက်နား ထောင်ခဲ့ကြသည်ဟု သိရသည်။

ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ် မေလာ နှင့် ဟန်နာ ဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အမှု ၇ ခု ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး ထိုင်းအယူခံတရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီးဖြစ်သည်။