တောင်ပြိုမှု ကာကွယ်ရန် ကျောက်မိုင်းများ စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်။

တောင်ပြိုကျမှု ဘေးဆိုးမျိုး ထပ်မံဖြစ်ပွားခြင်း မရှိစေရန် မွန်ပြည်နယ်ရှိ ကျောက်ထုတ်လုပ်ငန်းများအား စစ်ဆေးနေကြောင်း မွန်ပြည်နယ် အစိုးရက ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့ နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက် ထုတ်လုပ်ငန်းများ လုပ်ကိုင်နေသည့်နေရာများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ တောင်ပြိုကျမှု အခြေအနေ ရှိမရှိကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့မှ စစ်ဆေးမှုပြုလုပ် နေခြင်းဖြစ်သည်။

“သစ်တောမြေမှာ ကျောက်တူးနေတာ ကုမ္ပဏီ ၁၄ ခုပဲရှိတယ်၊ ကျိုက်ထီးရိုးတောင်ခြေက တစ်ခုကိုတော့ စစ်ဆေးပြီးသွားပြီ စစ်ဆေးမှုအရ ကြီးကြီးမားမားတော့ မတွေ့ဘူး၊ ကျန်တာတွေကိုလည်း ဆက်လက် စစ်ဆေးသွားမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပြည်နယ်တစ်ခုလုံးတွင် လိုင်စင်ချထားပေးသည့် ကျောက်မိုင်းလုပ်ငန်း ၉၁ ခုရှိပြီး ၎င်းတို့အနက် ကျိုက်ထိုမြို့ နယ်တွင် ၃၂ ခု၊ ပေါင်မြို့ နယ်တွင် ၂၄ ခု၊ ဘီးလင်းမြို့ နယ်တွင် ၃ ခု၊ သထုံမြို့ နယ်တွင် ၅ ခု၊ ကျိုက်မရောမြို့ နယ်တွင် ၂၀ ခု၊ ရေးမြို့ နယ်တွင် ၇ ခုရှိကာ ၎င်းအနက်မှ သစ်တောမြေတွင် လုပ်ကိုင်နေသည့် ကျောက်မိုင်း လုပ်ငန်း ၁၄ ခု ရှိသည်။

လူ ၇၀ ဦးထိ သေဆုံးခဲ့ရသည့် ပေါင်မြို့ နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်စဉ် ဖြစ်ပွားပြီး နောက် ကျောက်မိုင်းလုပ်ငန်းများကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီး ဒေါက်တာအေးဇံက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုတော့ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

တောင်ဖြိုနေသည့် ကျောက်မိုင်းလုပ်ငန်းများကို ထိရောက်စွာကိုင်တွယ်သင့်ကြောင်း သို့မဟုတ်ပါက ဂေဟနစ် ပျက်စီးပြီး တောင်ပြိုမှုများလည်း ဆက်ဖြစ်နေဦးမည်ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက မလတ်တောင်ပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့စဉ်က ဖြေကြားခဲ့သည်။

“၂၀၁၆-၂၀၁၇ ခုနှစ်ကတည်းက ဒီကျောက်မိုင်းတွေကို ခွင့်မပြုပါနဲ့ ကျောက်တောင်တွေ အကုန်လုံး ဂေဟစနစ် ပျက်စီးမယ်ဆိုပြီး ကန့်ကွက်ခဲ့တယ် လွှတ်တော်ထဲမှာလည်း မေးခွန်းပေးခဲ့တယ်” ဟု ဒေါ်မိကွန်ချမ်းက ပြော သည်။

လူ ၇၀ ဦးထိ သေဆုံးခဲ့ရသည့် ပေါင်မြို့ နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းသည် မိုးသည်းစွာရွာသွန်းမှုကြောင့် ဟု ပြည်နယ်အစိုးရက ပြောဆိုနေသော်လည်း မြေ တူးဖော်ထားမှုကြောင့် တောင်ပြိုရခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တွင် မိုးရေချိန်ပုံမှန်ထက် မိုးဆက်ရွာနေမည်ဆိုပါက တောင်ပြိုမှု အန္တရာယ် သတိပြုသင့်ကြောင်း ဘူမိဗေဒပညာရှင်များက သတိပေးပြောဆိုနေသော်လည်း ကြိုတင်ကာကွယ်မှုအနေနှင့် မည်ကဲ့သို့ ဆောင်ရွက် ထားသည်ကို ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပေ။