ကချင် လူငယ်များက လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် မျှတမှုရှိသည့် တရားစီရင်ရေးတို့အတွက် ဆန္ဒဖော်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပေးရန် ကချင်လူငယ်များနှင့် စစ်ဘေးရှောင်များက ဆန္ဒထုတ်ဖော် တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၅ ရက် ယနေ့တွင် ကချင်လူငယ်များနှင့် စစ်ဘေးရှောင်များက ကချင်ပြည်နယ်ရှိ ဗိုလ် ချုပ် အောင်ဆန်းကြေးရုပ် ထားရှိသည့် နေရာတွင် အဆိုပါအချက်များ အပါအဝင် အချက် ၄ ချက်ပါသည့် တောင်းဆိုချက်များကို ဆန္ဒထုတ်ဖော်ကာ တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်တာက အချက် ၄ ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ စစ်ရှောင်ပြည်သူတွေရဲ့ တွေ့ကြုံ ခံစားနေရတဲ့ ဒီကမ့်အတွင်းက လူမှု ပြဿနာ အခက်အခဲတွေ ဒုတိယအချက်ကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြောဆိုခွင့်ပေါ့နော တတိယအချက်ကကျတော့ တရားစီရင်ရေးစနစ်ပေါ့နော ကျမတို့ရဲ့ တရားစီရင်ရေးစနစ်ဟာ မလွတ်လပ်ဘူး ပြီးတော့မျှတမှု မရှိဘူး။ နောက်ဆုံးတစ်ချက်က ကျမတို့ ပြည်သူတွေက တိုက်ပွဲရဲ့ ဓားစာခံတွေ မဟုတ်ဘူး ဒါကြောင့် စစ်ပွဲတွေလည်း ရပ်သင့်ပြီ ပြည်သူတွေကို ပိုပြီးမှ အလေးထားသင့်ပြီ ပြည်သူတွေ ရဲ့ ဒုက္ခတွေကို ထည့်သွင်းစဉ်းစားရမယ့် အချိန်ရောက်ပြီဆိုတဲ့ အရာကို သိခိုင်းစေချင်လို့ ဆန္ဒထုတ် ဖော်ရခြင်းပဲ ဖြစ်ပါတယ်” ဟု ကချင်လူငယ်ထု လှုပ်ရှားမှု (Kachin Youth Movement ) မှ ပြောရေးဆိုခွင့်ရှိသူ မဆွတ်ဆိုင်းထွယ်က ပြောသည်။

စစ်ဘေးရှောင်များနှင့် ကချင်ပြည်သူများ၏ အခြေအနေများကို သရုပ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့အား မြစ်ကြီးနား တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချပြီးနောက်တွင် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲကို စစ်ဘေးရှာင်စခန်းရှိ လူငယ်များ၊ ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့နှင့် ကချင်အရပ်ဖက်အဖွဲ့ အစည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲ (၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကချင်လူမျိုးများခံစားနေရသည့် လက်ရှိဘဝအဖြစ်မှန်များကို စစ်ဘေးရှောင်လူငယ်များနှင့် လမ်းဘေးသရုပ်ပြမှု လုပ်ဆောင်ရာတွင် ဦးဆောင်ခဲ့သော ကိုပေါလုနှင့် မဆိုင်းနူးပန်တို့အား မြစ်ကြီးနားမြို့နယ် တရားရုံးက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် စက်တင်ဘာလ ၂ ရက်နေ့က ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချလိုက်သည်။

အဆိုပါ တရားစီရင်မှုတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် freedom of expression နှင့် တရား စီရင်မှုတွင် တရားမျှတမှု မရှိဟု ဆိုကာ ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ဘေးရှောင်များ၏ ခံစားချက်နှင့် အခြေအနေကို တေးသရုပ်ဖော် ပြဇာတ်ဖြင့် တင်ပြရာတွင် ရာဇဝတ်မှု တစ်ခုကဲ့သို့ သတ်မှတ်သည့်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်မိကြောင်း၊ လက်ရှိ တရားစီရင်ရေး စနစ်ကိုလည်း မေးခွန်းထုတ်မိသည်ဟု စစ်ဘေးရှောင် လူငယ်တစ်ဦးဖြစ်သူ အင်ခွန်လနူးက ပြောသည်။

“ကျနော်တို့ ဆရာမဆိုင်းနူးပန်နဲ့ ကိုပေါလုပေါ့ သူတို့က ကျနော်တို့ IDP စစ်တကျော့ ပြန်ဖြစ်နေတဲ့ဟာကို တကယ်လက်တွေ့ဖြစ်နေတဲ့ ဒီလိုမျိုး တေးသရုပ်ပြတာပေါ့ အဲလိုမျိုးပြတဲ့ အချိန်မှာ အရေးယူတယ်ဆိုတော့ ရာဇဝတ်မှုမြောက်တယ်ဆိုတော့ ကျနော်တို့ IDP တွေရဲ့ freedom of expression က စိန်ခေါ်ချက်တွေရှိတာပေါ့ ပြီးတော့ ဒီလိုမျိုး IDP တွေအတွက် တကယ်ဖြစ်နေတဲ့ဟာကို တေးသရုပ်ဖော်တဲ့ဟာကို အရေးယူပြီးမှ ဒီလိုမျိုး လုပ်တယ်ဆိုတာက တရားရေးမဏ္ဍိုင်မှာ တစ်ခုခုတော့ ကျနော်တို့ လိုအပ်ချက်ရှိနေပြီးလား တိမ်းစောင်းနေပြီလားဆိုတာ ကျနော်တို့အတွက် မေးခွန်းတွေက ရှိလာတာပေါ့” ဟုပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် လွတ်လပ်သော တရားစီရင်မှု ရရှိရေး – ဒို့အရေး၊ မတရားသဖြင့် တရား စီရင်သော တရားသူကြီး အလိုမရှိ-အလိုမရှိ၊ စစ်ဘေးရှောင် ပြည်သူများ၏ ဘဝမှန်ခံစားချက်ကို အလေးထား ပေးရေး – ဒို့အရေး၊ IDPs များ၏ ဘဝမှန်တေးသရုပ်ဖော်တင်ဆက်ခြင်းအား ပြစ်ဒဏ်ပေးခြင်း အလိုမရှိ-အလိုမရှိ စသည့် ကြွေး ကြော်သံများကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲ ကဲ့သို့ စက်တင်ဘာလ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင်လည်း ဆက်လက် လုပ်ဆာင်သွားမည်ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ ကချင်စစ်ဘေးရှောင်များ၊ ကချင်လူငယ်များ၊ ကချင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံ ကချင်ပြည်သူလူထု စုစုပေါင်း ၃၀၀ နီးပါးခန့် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။