သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေပြဌာန်းရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

သတင်းအချက်အလက် ရယူပိုင်ခွင့် (Right to Information) ဥပဒေကို အမြန်ဆုံး ပြဌာန်းပေးရန် အပါအဝင် အချက်(၆) ချက်ကို သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံက တောင်းဆို လိုက်သည်။

နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ဥက္ကဌ နန်းဖောဂေးက“(Right to Information) ဆိုတာ ကျမတို့ဒီ တစ်နှစ် နှစ်နှစ်လောက်ရှိပြီ၊ လွန်ခဲ့တဲ့ ကာလတွေမှာဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ သတင်း မီဒီယာသမားတွေ သတင်းရယူခွင့်တွေရရှိဖို့ လိုတယ်။ ဆိုတော့ တစ်ဖက်ကလည်း အရပ်ဘက် အဖွဲ့တွေအနေနဲ့ ဒါကို သိရှိနားလည်တဲ့အပေါ်မှာ အရပ်ဘက်အဖွဲ့တွေကလည်း ဒီ (Right to Information) ကို သူတို့ ရေးဆွဲတာတွေရှိတယ်။ BNI အနေနဲ့ကလည်း မီဒီယာအစုအဖွဲ့တစ်ခု ဆိုတဲ့အခါကြတော့ ဒီရဲ့ ညီလာခံကနေ အခြေခံပြီးတော့ BNI အနေနဲ့က (Right to Information) ဥပဒေပေါ့နော်၊ အဲ့ဒါကို အမြန်ပြဌာန်းဖို့အတွက်ကိုCSO တွေနဲ့လည်းပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ပြောသည်။ “နောက်ပြီးတော့ သက်ဆိုင်ရာ နှစ်စဉ်ဆိုရင် မြန်မာနိုင်ငံမှာ Media Development Conference ဆိုပြီး လုပ်နေကြရှိပါတယ်။ ဒီဇင်ဘာလမှာ၊ အဲ့ဒီမှာဆိုရင် BNI အနေနဲ့ တိုက်တွန်းသွားမယ်လို့ ပြောချင်ပါတယ်။”

အဆိုပါ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် တောင်းဆိုချက်အပါအဝင်မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆို ထုတ်ဝေပေးရန်၊မီဒီယာပံ့ပိုးသူများအနေဖြင့်လည်း ဒေသအခြေစိုက် သတင်းဌာနများအား နည်းပညာပိုင်း၊ ဘဏ္ဍာရေးပိုင်း ဆက်လက်ကူညီသွားရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် အစိုးရအနေဖြင့် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်ပြီး မူဝါဒများချမှတ်ကာ သတင်းမီဒီယာများ အပါအဝင် အများပြည်သူ သိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ထားရန်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူများ၏ အစုအဖွဲ့ အသီးသီးတွင် မီဒီယာမူဝါဒများကို တရားမျှတမှုရှိစွာဖြင့် ချမှတ်ပြဋ္ဌာန်းသွားရန်အပြင် နောက်ဆုံးအချက်အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သတင်းရယူခွင့်အတွက် နယ်မြေနေရာ ကန့်သတ်မှုမရှိ ဘဲ လွတ်လပ်စွာ သွားလာရယူခွင့်ရှိရန် တောင်းဆိုလိုက်သည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ၎င်းညီလာခံတွင် တက်ရောက်ကြသူများက သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏လုံခြုံရေး၊ တိုင်းရင်းမီဒီယာများ၏ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ကချင်ဒေသအတွင်းရှိ ပဋိပက္ခများ၊ အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများ၊ သဘာဝပတ်ဝန်း ကျင်နှင့် အများပြည်သူအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ စစ်ဘေးရှောင်စခန်းမှ ဒေသခံများ၏ အခက် အခဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းမီဒီယာမူဝါဒဆိုင်ရာ အကြံပြု ချက်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် မီဒီယာအလားအလာများကို တက်ရောက်လာသူများက အဓိကထားကာ တင်ပြဆွေး နွေးခြင်းများ၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းမီဒီယာညီလာခံကို ပြည်နယ် (၇) ပြည်နယ်လုံးတွင် BNI က ကမကထပြုလုပ်ပြီး ကျင်းပခဲ့ပြီးဖြစ်သည်။

သုံးရက်ကြာကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာမူဝါဒ မူကြမ်းတစ်ခု ပေါ်ထွက်လာရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်၊ တိုင်းရင်းသားဒေသများတွင် ဒေသဆိုင်ရာ သတင်းသမားများ ပိုမို ပေါ်ထွက်လာရေးနှင့် လက်ရှိသတင်း သမားများ အကြောင်းအရာအလိုက် အထူးပြု သတင်းရေးသားထုတ်လုပ်သွားနိုင်ရေး အရည်အသွေးမြှင့် တင်သွားရန်၊

အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် သတင်းအရင်းအမြစ်များနှင့် သတင်းမီဒီယာများအကြား တိကျ ခိုင်မာသည့် သတင်းစီးဆင်းမှု အားကောင်းလာစေရေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် သတင်းမီဒီယာများက တိုင်း ရင်းသားပြည်သူများ၏ အသံများကို ထင်ဟပ်စေသည့်သတင်းများကို ပိုမိုရေးသား ဖော်ထုတ်သွားမည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် စိုင်းမိဏ်း က “ဒီကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ ဒုက္ခသည်အရေးတွေ၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့စစ်ရေးတွေ၊ ဖြစ်ပွားနေတဲ့ အခက်အခဲတွေ၊ ခရီးသွားလာရေးတွေ အဲ့ဒါတွေကို ကျနော်တို့ လာရောက်လေ့လာခွင့်ရခဲ့တယ်။ အဲ့ကြောင့် တစ်စုတစ်စည်းထဲနဲ့ ကချင်ပြည်နယ်အရေး ကို ပြည်နယ်တစ်ခုချင်းစီရဲ့ အရေးကို ကျနော်တို့ ဆက်တိုက်ဆက်တိုက် လေ့လာခွင့်ရခဲ့တဲ့ဟာက တော်တော်လေးကို အားသာတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားလိုပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို မြန်မာနိုင်ငံ ဒေသအသီးသီးက သတင်းမီဒီယာသမားများ၊ BNI အဖွဲ့ ဝင် သတင်းဌာန ၁၄ ဖွဲ့ မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ပြည်နယ်အတွင်းရှိ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ စစ်ဘေးရှောင်ပြည်သူများ စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြသည်။