လွှတ်တော် မေးခွန်းများကို မွန်ပြည်နယ် အစိုးရက ယခုအကြိမ်လွှတ်တော်တွင် ထက်ဝက်သာ ဖြေကြားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
မွန်ပြည်နယ် လွတ်တော်တွင် မေးထားသည့် မေးခွန်းများကို ပြည်နယ်အစိုးရအဖွဲ့က တဝက်သာ ဖြေဆိုပြီး ကျန်တဝက်ကို နောင်တကြိမ် လွှတ်တော်တွင် ဖြေဆိုမည်ဆိုသည့်အပေါ် လွှတ်တော်အမတ်အချို့ မကျေမလည် ဖြစ်နေကြသည်။
စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကျင်းပနေသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းထားသည့် မေးခွန်း ၄၉ ခုအနက်မှ ၂၅ ခုကိုသာ ဖြေကြားနိုင်မည်ဖြစ်ပြီး ကျန်မေးခွန်းများကို နောက်ကျင်းပမည့် လွှတ်တော်အစည်း အဝေးမှသာ ဖြေကြားသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လက်မှတ်ထိုးကာ စက်တင်ဘာ ၂၃ ရက်နေ့က လွှတ်တော်သို့ စာပို့ခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ က ပြောသည်။
လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၁၀၀ အရ မေးခွန်းများကို အစည်းအဝေးမကျင်းပခင် ၁၀ ရက်ကြိုတင် မရောက်ရှိသည့်အတွက် ယခုအစည်းအဝေးတွင် မဖြေကြားပေးနိုင်ခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရက ပေးပို့သည့်စာတွင် အကြောင်းပြ ဖော်ပြထားသည်။
မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၁၀၀ တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်တွင် မေးခွန်းမေးမြန်းလိုလျှင် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ လွှတ်တော်အစည်း အဝေးမစတင်မီ အနည်းဆုံး ၁၀ ရက် ကြိုတင်၍ မေးခွန်းများကို လက်မှတ်ရေးထိုးပြီး မေးခွန်းမေးမြန်း လိုကြောင်း အကြောင်းကြားစာနှင့်အတူ ပေးပို့ရမည်ဟုသာ ပြဌာန်းပါရှိပြီး အစိုးရအဖွဲ့သို့ မေးခွန်းများ အဆိုများကို ဘယ်နေ့ နောက်ဆုံးထား ပေးပို့ရန်ဆိုသည့် ပြဌာန်းချက်မပါရှိဘူးလို့ လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောသည်။
“မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများမှာ အစိုးရအဖွဲ့သို့ မေးခွန်းတွေကို အဆိုတွေကို ဘယ်ရက် ဘယ်ရက် နောက်ဆုံးထားပြီးတော့ ပေးရန်ဆိုတဲ့ ဖော်ပြထားခြင်းမရှိဘူး ဥပဒေမှာ ပြဌာန်းထားခြင်းမရှိဘူး” ဟု ဒေါ်တင်အိက ပြောသည်။
လွှတ်တော်အနေနှင့် မေးမြန်းထားသည့် မေးခွန်းအားလုံးအပေါ် အစိုးရအဖွဲ့က အချိန်ရရှိရန် အစည်းအဝေးကျင်းပမည့်ရက်ကို နောက်ဆုတ်ပေးမည်ဟု ညှိနှိုင်းစာပေးပို့ခဲ့သော်လည်း အစိုးရအဖွဲ့က လက်မခံပေ။
မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းသည့် မေးခွန်းများနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားသည့်အဖြေကို ယခင်က စာရွက်ဖြင့် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးခဲ့သော်လည်း (၁၃) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးမှစကာ အဖြေစာရွက်ဖြန့်ဝေပေးခြင်းကို မလုပ်ဆောင်တော့ပေ။
၁၃ ကြိမ်မြောက် အစည်းအဝေး၌ပင် လွှတ်တော်ဒု-ဥက္ကဌဖြစ်သည့် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးအား မေးခွန်းမေးမြန်းခြင်း မပြုလုပ်ရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်သို့ စာပေးပို့ တားမြစ်ခဲ့သည်လည်းရှိခဲ့သည်။ သို့သော် အဆိုပါ တားမြစ်မှုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့မှ ယခုကဲ့သို့ လွှတ်တော်အပေါ် ပြုမူနေခြင်းသည် လွှတ်တော်အပေါ် လေးစားမှုမရှိ လွှတ်တော်ကို ဝင်ရောက်စွတ်ဖက်နေသည့်သဘောသက်ရောက်ပြီး အပြန်အလှန်လေးစားမှုမရှိဘူးဆိုသည့် ဝေဖန်ထောက်ပြမှုတွေလည်းရှိနေသည်။