ဂျော်မဆတ် စစ်ရှောင်စခန်း အကူအညီ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျော်မဆတ် စစ်ေဘေးရှောင်စခန်းတွင် အရေးပေါ်အကူ အညီများ လိုအပ်လျှက်ရှိပြီး ကျောင်းနေကလေးများအတွက် သင်ထောက်ကူပစ္စည်းများ နှင့် ငွေကြေးထောက်ပံ့မှုများ မလုံမလောက် ဖြစ်နေသည်ဟု စခန်းတာဝန်ခံများနှင့် စစ်ဘေးရှောင်များ က ပြောသည်။
စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဦးမုန်ဘန် က “အခုလတ်တလောအခြေအနေက ကျောင်းသားတွေအတွက် အခက်အခဲဖြစ်နေတယ်။ မနှစ်တုန်း ကတော့ ထောက်ပံ့မှုအများကြီးရရှိခဲ့တာပေါ့နော်။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာတော့ ထောက်ပံ့မှု နည်းသွားတာပေါ့။ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကနည်းသွားတယ်။ အခုအထက်တန်းကျောင်းသားတွေ ၉ တန်း၊ ၁၀ တန်း ကျောင်းသားတွေအတွက်က မိဘတွေလည်း မထောက်ပံ့နိုင်ဘူးပေါ့။ KBC ကတော့ ဗလာစာအုပ်တို့၊ ဘောလ်ပင်၊ ခဲတံတို့တော့ ထောက်ပံ့တယ်။ အဲ့ကြောင့် တခြားလိုအပ်တာ အထွေထွေသုံးပေါ့၊ ကျောင်းမှာလည်း ရံပုံငွေတွေ ကောက်တယ်။ အထက်တန်းဆိုတော့ ကျူရှင်တို့၊ စာကျက်ဝိုင်းတို့လည်း တက်ရတယ်။ အဲ့လိုဆိုတော့ မိဘတွေက အတော်လေးကို ခက်ရှာပါတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များမှာ တနိုင်းမြို့နယ်အတွင်းရှိ ဆွတ်ရိန်၊ ဆွတ်ဂျာနှင့် အောင်လော့ဒ်ကျေးရွာများမှ မြစ်ကြီနားမြို့သို့ စစ်ဘေးရှောင်လာသူများဖြစ်ပြီး ၎င်းတို့မှာ မြစ်ကြီးနားမြို့ နောင်နန်း ကျေးရွာအုပ်စု၊ မောင်တောင်းရွာရ်ှိ် ဂျော်မဆတ် စစ်ရှောင်စခန်းတွင် ခိုလှုံနေကြခြင်းဖြစ်သည်။
စခန်းတွင် စစ်ဘေးရှောင် ၆၀၀ ကျော်ရှိတဲ့အနက် ၃၀၀ ကျော်မှာ ကျောင်းသားများဖြစ်ပြီး အဆိုပါကျောင်းနေကလေးငယ်များအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်း ဒု-တာဝန်ခံ က ဆိုသည်။
မူကြိုကျောင်းသားအဆင့်မှ အထက်တန်း၊ တက္ကသိုလ်တက်နေသည့် ကျောင်းသားများထိရှိနေပြီး
အထက်တန်းကျောင်းသားများအတွက် လိုအပ်မှုများ ပိုမိုများပြားနေသည်ဟုလည်း သိရသည်။
ယမန်နှစ်မှစတင်ပြီး ကျောင်းစရိတ်အခက်အခဲကြောင့် ကျောင်းထွက်သွားသည့် ကလေးငယ်များ ရှိနေသည်ဟု စခန်းနေ စစ်ဘေးရှောင်များက ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကရုဏာအဖွဲ့မှတဆင့် ဆန်၊ ဆီ၊ ဆား၊ ပဲအတွက် စစ်ရှောင်တစ်ဦးလျှင် ကျပ်ငွေ ၁၅၀၀၀ ထောက်ပံ့ပေးသည်ဟု တာဝန်ရှိသူများက ပြောသည်။
အောင်လော့ဒ်ကျေးရွာမှ စစ်ရှောင်လာသည့် ဦးလဆန်နော်ဂျာကလည်း အိမ်ထောင်ဦးစီး တစ်ယောက် အနေဖြင့် မိသားစုလိုအပ်ချက်၊ သားသမီးများ၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သည့်အတွက် မိဘတစ်ဦးအနေဖြင့်က ကိုယ့်ကိုကိုယ် မကျေနပ်ဟု ပြောသည်။
စစ်ဘေးရှောင် ဦးလဆန်နော်ဂျာက “စိတ်ခံစားမှုက ပြောမပြတတ်အောင်ကို ခံစားရတာပေါ့နော်။ ငွေရေးကြေးရေး၊ ကျန်းမာရေး၊ ကလေးတွေကျောင်းမှာ အဖေ အမေ ၅၀၀ ကောက်တယ်၊ ၁၀၀၀ ကောက်တယ်ဆိုလို့ရှိရင် အဲ့အချိန်မှာ တအားဒုက္ခရောက်ရတာပေါ့။ သားသမီးများတယ်၊ ကျောင်းသားကျောင်းသူတွေများတယ်လေနော်။ နှုတ်နဲ့ ခွဲခြားဆက်ဆံတာမျိုးလည်း ခံရတယ်။ ကလေးတွေကိုလည်း စစ်ရှောင်တွေပေါ့၊ နင်တို့နယ်မဟုတ်ဘူး ဘာဘူး ညာဘူး ပြောခံရတာပေါ့နော်။ ကိုယ့်မြေကိုယ့်နေရာကိုပဲ ပြန်ချင်တယ်။ ဘယ်သူမှ ကဲ့ရဲ့ တာမခံရအောင်ပေါ့” ဟု ပြောသည်။
မိဘများအနေဖြင့်လည်း အပြင်ထွက်ကာ အလုပ်လုပ်ရန်လည်း အဆင်မပြေကြောင်း၊ နေရပ်ပြန်ရန်လည်း မဖြစ်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ဂျော်မဆတ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များအား ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် KBC က လိုအပ်ချက်များကို အဓိကကူညီပံ့ပိုးပေးနေခြင်းဖြစ်သည်ဟုလည်း စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။
စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဒေါ်ဘောက်မိုင်ကလည်း “ကြုံရတဲ့အခက်အခဲတွေက ကလေးက သုံးယောက်ဆိုတော့ နေရာထိုင်ခင်းကအဆင်မပြေဘူး။ ယောက်ကျားလေးကလည်းလူပျို၊ မိန်းကလေးကလည်း အပျိုဖြစ်လာတော့ နေရာထိုင်ခင်းက အဆင်မပြေတော့ဘူး။ စားဝတ်နေရေးလည်း အဆင်မပြေပါဘူး။ အခု အခန်းကလည်း ကျဉ်းတော့ ကလေးတွေစာကျက်ဖို့လည်း အဆင်မပြေဘူး။ ကလေးတွေလိုတဲ့ ကျောင်းစိမ်းကျောင်းဖြူတောင် ကောင်းကောင်းမဝယ်ပေးနိုင်ဘူး။ စစ်ရှောင်လို့ပြောလိုက်တာနဲ့ လူတွေကလည်း တမျိုးပဲ၊ ကိုယ်တိုင်လည်း လူတောမတိုးတော့သလို ခံစားရတယ်။ ငိုချင်တာပဲ သိတယ်” ဟု ပြောသည်။
ဂျော်မဆတ် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ဂျော်မဆတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ရောက်ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလာ ယခုနေထိုင်နေကြသည့် ဧက ၂ ဧက ခန့်ရှိသည့် ခြံဝန်းအတွင်း ၉ ပေ ပတ်လည် အခန်းများဆောက်ပေးကာ နေရာထိုင်ခင်းစီစဉ်ပေးထားခြင်းဖြစ်သည်။
တနိုင်း-ဟူးကောင်းဒေသမှ စစ်ဘေးရှောင်အချို့သည် ဂျော်မဆတ်စစ်ဘေးရှောင် စခန်းတွင် ၆၀၀ ကျော်နှင့် ပမ္မတီးနယ်မြေ ၅ တွင်လည်း စစ်ဘေးရှောင် ၁၅၀ နီးပါးရှိနေပြီး အခြေခံအသုံးအဆောင်ပစ္စည်များ လိုအပ်နေဆဲဖြစ်သည်။
ထို့အပြင် တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းဝန်းများအတွင်းတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များလည်း နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည့်အတွက် အသင်းတော်များမှ စီစဉ်ပေးထားသည့် နေရာများတွင် နေထိုင်နေရဆဲဖြစ်သည်ဟု စခန်းတာဝန်ခံများက ပြောသည်။