နှစ်ဖက်ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန် နှင့် ပြဿနာ ဖြစ်ပါက ကြားနိုင်ငံ ပါဝင်ရန် မြောက်ပိုင်း အဖွဲ့များ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။
နှစ်ဖက်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် နှင့် နှစ်ဖက် ပြဿနာဖြစ်ပါက ကြားနိုင်ငံ ပါဝင် ဖြေရှင်းရေးကို မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များက အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထံ တင်ပြဆွေးနွေးခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်တွေ့ဆုံစဉ် မြောက်ပိုင်း မဟာမိတ်အဖွဲ့က အစိုးရ ကိုယ်စားလှယ် များထံသို့ တင် ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့ PCG မှ ဦးဆမ်အောင် က ပြောသည်။
“အဓိကကတော့ ဖမ်းထားပြီးသားဟာကို ၂ ဖက်က လွှတ်ကြဖို့ ပြီးတော့ ပြဿနာတက်ရင် ကြားနိုင်ငံတစ်နိုင်ငံ ပါဝင်ပေးဖို့ ဆိုတဲ့ဟာလေးတွေ သူတို့ပြောတယ် ဒါပေမယ့် အဲဒါက နှစ်ဖက် ပြန်ညှိနှိုင်းရမယ့် အခြေအနေတော့ ရှိပါတယ်။” ဟု ဦးဆမ်အောင် က ပြော သည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် လာမည့် ၂၀၂၀ ဇန္နဝါရီလ နောက်ဆုံး အပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် နှစ်ဖက်သဘော တူခဲ့ကြ သည်။
အစိုးရ နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီး နော်ဘူက “ကျနော်တို့ KIO မှာ ဆွေးနွေးဖို့ အချက် အလက်တွေ အပြောင်းအလဲ မရှိဘူး။ နဂိုက သတ်မှတ် ထားတဲ့ ဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စတွေ နောက်စစ်ရှောင်ပြည်သူတွေ သူ့ရဲ့ နေရပ် ကို ပြန်ရေး ကိစ္စလုပ်ဖို့ ဒီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့ နောက် ပိုင်းမှာကတော့ တပ်ပိုင်းဆိုင်ရာ ကိုလည်း ဆွေးနွေး ဖို့ဆိုတဲ့ ကျနော်တို့သတ်မှတ်ထားတဲ့ အချက်အ လက်တွေ ဘာမှ အပြောင်းအ လဲ မရှိဘူး။” ဟု ပြောသည်။
အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့အကြား ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း နှစ်ဖက် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူထားသော်လည်း တွေ့ဆုံ ဆွေးနွေးမည့် နေရာ ညှိနှိုင်းရာတွင် နှစ်ဖက် ပြေလည်မှု မရရှိသည့်အတွက် ဆွေးနွေးပွဲမှာ ပြတ်တောက်ခဲ့ရ သည်။
သို့သော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြတ်တောက် နေသည့် ဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်ခဲ့သည်။
“မဆွေးနွေးတာထက်စာရင်တော့ ဆွေးနွေးတာတော့ ကောင်းတာပေါ့။ ဆွေးနွေးတာဝေးလေ ယုံကြည် မှုက ပိုဝေးလေ ဖြစ်နေတယ်။ ဆွေးနွေးတာ စိပ်စိပ်ဆိုရင်တော့ ယုံကြည်မှုကတော့ အတိုင်းအတာ တစ်ခုထိန်း လို့ရတယ်။ အဲဒါကြောင့် မဆွေးနွေးတာထက်စာရင် ဆွေးနွေးတာ ကောင်းပါတယ်။” ဟု PCG မှ ဦးဆမ်အောင် က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ကျိင်းတုံဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ သဘောတူညီခဲ့သည့် အချက် ၇ ချက်ကို သဘောတူညီခဲ့ကြပြီး အဆိုပါအချက်များမှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး၊ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း စည်းများကို တပ်မ တော်နှင့် ဆက်လက်ဆွေးနွေးရန်၊ တိုက်ပွဲမဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် တို့ဖြစ် သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ် ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု သိရသည်။
တပ်မတော်ဘက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ တပ်တည်နေရာများ နောက်ဆုတ်ရန် တောင်းဆိုထားပြီး မဟာမိတ် ၄ ဖွဲ့ဘက်မှ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့တွင် တရုတ် ကိုယ်စားလှယ်ပါဝင်ရန် တောင်းဆိုထား သည်။
၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။