နှစ်ဆန်းတွင် ကချင် စစ်ရှောင် ၃၀၀၀ နေရပ်ပြန်နိုင်ရန် ကြိုးပမ်းမည်ဟု KHCC ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
လာမည့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ စစ်ဘေးရှောင် ၃၀၀၀ ခန့် နေရပ်ပြန်နိုင်အောင် စီစဉ် လုပ်ဆောင်သွားမည်ဟု ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့် ရှောက်ရေးကော်မတီ KHCC ကပြောသည်။
ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်၊ မန်စီ မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများမှ လူဦးရေ ၃၀၀၀ အိမ်ထောင်စု ၅၀၀ ခန့်ကို၂၀၂၀ ခုနှစ်တွင် နေရပ်ပြန်နိုင်အောင်စီစဉ် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု KBC မှ လူမှု့ဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန တာဝန်ခံလည်းဖြစ် KHCC အတွင်းရေးမှူး ၂ လည်းဖြစ်သည့် ဆရာ ခါးလီ ကပြောသည်။
“ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ပြင်ဆင်ဖို့ အချိန်ယူရဦးမယ် မတ်လ လောက်မှာ အကုန်စနိုင်မယ်လို့ ကျနော် တို့ မျှော်လင့်တယ်ခင်ဗျာ။ နေရပ်ပြန်ရေးကိုဟုတ်ပါတယ်။ တကယ်ပြန်ချင်သူများကို ကောင်းမွန်စွာနဲ့ နေရပ်ပြန် နိုင်ရန် စီစဉ်ပေးတဲ့သဘောပါပဲ”
ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု ပြောသည်။
“အကုန်မဟုတ်ဘူး အိမ်ခြေ ၅၀၀ ပဲ အဓိက Target ထားတယ်၊ အနည်းဆုံး ၂၀၂၀ မှာ အိမ်ခြေ ၅၀၀ အဲဒီရွာတွေထဲကို ပြန်နိုင်မယ်လို ခန့်မှန်ထားတယ်။”
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့ အာကျဲကျေးရွာအုပ်စုရှိ စစ်ရှောင်များ၊ ဝိုင်းမော်မြို့နယ်ရှိ တာလော ကြီးကျေးရွာနှင့် ရွှေညောင်ပင် စစ်ရှောင်စခန်းရှိ စစ်ရှောင်များ၊ ဗန်းမော်မြို့နယ် ကျောက်စခန်းရှိ စစ်ရှောင်များနှင့် မန်စီမြို့နယ် မိုင်းခေါင်စစ်ရှောင် စခန်းတို့မှ နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များအတွက် စီစဉ်လုပ်ဆောင်ပေး သွားမည်ဟု KHCC က ပြောသည်။
အဆိုပါဒေသများရှိ စစ်ရှောင်စခန်းများတွင် အစိုးရဘက်ကလည်း ၂၀၁၉ သြဂုတ်လကစတင်ပြီး ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တဆင့် စစ်ရှောင်စခန်းတာဝန်ခံများအား နေရပ်ပြန်လိုသည့် စစ်ရှောင်များ၏ စာရင်းများကို ကောက်ယူမှုများ ပြုလုပ်ခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။
နန်ဆန်ယန်ကို ပြန်သွားသည့် စစ်ရှောင် တစ်ဦးကလည်း “ဒီကနေ့ ငြိမ်းချမ်းမှု မရှိရင်လည်း အိမ်ပြန်ရတာ မပျော်ဘူး။ အခုကျနော်တို့ဖြစ်စေချင်တာကတော့ အစိုးရတပ်ရော၊ ကေအိုင်အေရော တိတိကျကျ သဘောထားတွေချမှတ်ပြီး လက်မှတ်ထိုးစေချင်တယ်။ တကယ်တော့ ကျနော်တို့ စစ်ရှောင်တွေအားလုံးက အိမ်ပြန်ချင်နေကြပြီ ဘာလို့လည်းဆိုတော့ ကျနော်တို့ အိမ်တွေ၊ မြေတွေ၊ ခြံတွေ အသိမ်းခံရတာမျိုးတွေ၊ ငှက်ပျောခြံလုပ်ခို်င်းနေတာမျိုးတွေရှိနေတယ်လေ။ စစ်ရှောင်တွေတွက် တိကျတဲ့ ရလာဒ် သဘောထားတွေ ချမှတ်စေချင်တယ်” ဟု ပြောသည်။
စစ်ရှောင်အများစုမှာ နေရပ်ပြန်ပါက လုံခြုံရေးအရ ကောင်းစွာ အာမခံပေးမည့် အဖွဲ့အစည်းတစ်စုံတစ်ရာ မရှိမှာကို စိုးရိမ်နေကြပြီး ကျေးရွာများအတွင်းနှင့် အနီးအနားရှိ နှစ်ဖက်တပ်များအားလုံး ထွက်ပေးဖို့ လိုအပ် သည်ဟုလည်း ပြောသည်။
ဝိုင်းမော်မြို့ ရှိ မိုင်းနား စစ်ရှောင်စခန်းက ဦးဂွမ်ဆိုင်းကလည်း “ကျနော်တို့ စစ်ရှောင်စခန်းမှာ အနေကြာလာ လေလေ ဆုံးရှုံးနစ်နာမှုများ များလာလေပါပဲ။ အိမ်ပြန်ဖို့ကိစ္စက စီစဉ်စရာတွေက အများကြီးပေါ့နော်။ အဓိကတော့ လုံခြုံရေးပဲ။ ပြီးတော့ ကျနော်တို့ ရွာတွေထဲမှာ ရှိနေတဲ့ စစ်သားတွေ၊ စစ်တပ်ကလူတွေက ထွက်သွားပေးဖို့လိုတယ်။ နောက်ပြီးလွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်ခွင့်ပေးစေ” ဟု ပြောသည်။
စစ်ရှောင်များ နေရပ်ပြန်ပါက လိုအပ်သော အခြေခံ အဆောက်အဦးများ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ကို KHCC အနေဖြင့် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်မားရေး အစရှိသည့် အခြား လိုအပ် ချက်များကို ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။
စစ်ဘေးရှောင် သုံးထောင်နေရပ်ပြန်နိုင်ရန်အတွက် ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှလည်း ဒေါ်လာ ၅ သန်း ကျော် ထောက်ပံ့ကူညီသွားမည်ဟု ဒီဇင်ဘာလ ၂၁ ရက်နေ့ (ယမန်နေ့)တွင် ကချင်ပြည်နယ် မြစ်ကြီးနားရှိ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် နီပွန်ဖောင်ဒေးရှင်းတို့ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ရိုဟေးဆာဆာကာဝါ ကပြောဆိုခဲ့ သည်။
နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များအတွက် ၎င်းတို့၏ နေရပ်ဒေသတွင် ပြန်လည်နေထိုင်နိုင်ရန် စီစဉ် လုပ်ဆောင် ပေးသွားမည် ဖြစ်သကဲ့သို့ နေရပ်ပြန်လို့မရသေးသည့် စစ်ဘေးရှောင်များအတွက်လည်း ဆက် လက်ကူ ညီသွားနိုင်ရန် လုပ်ဆောင်နေသည်ဟု KHCC က ဆိုသည်။
“မပြန်သေးတဲ့ လူတွေအတွက်လည်း ကျနော်တို့ တကယ်ပြန်လို့ရတဲ့ ရွာထဲကဟာတွေကို လည်း ပြန်လို့ ရအောင် ဒီမှာဆက်နေမယ့် လူတွေလည်း ပြန်လို့မရတဲ့ ရွာထဲကလူတွေလည်း ကျနော်တို့ ဘယ်လိုမျိုး ကူညီသွားမလဲ ပံ့ပိုးသွားမလဲဆိုတဲ့ အပိုင်းလည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်ခင်ဗျာ။” ဟု ဆရာခါးလီက ပြောသည်။
“တစ်ဖက်နဲ့ ညှိနှိုင်းရင် ပြီးတဲ့ရွာလေးတွေမှာ ကျနော်တို့ အရင်လုပ်မယ်ဆိုတော့ KIA နဲ့ ညှိနှိုင်းရမယ့်ဟာတော့ KIA ဖက်က စစ်ရှောင်တွေပြန်ရင်တော့ သူတို့ဖက် ညှိနှိုင်းရမယ်။ ဒီဖက်က ပြန်တဲ့ဟာတွေတော့ ဒီဖက်က ညှိနှိုင်း ရမယ်။ နှစ်ဦးနှစ်ဖက်နဲ့ ညှိနှိုင်းရမယ့်နေရာတွေတော့ ပြန်ဖို့မသင့်တော်သေးဘူးလို့ ကျနော်တို့ ယူဆထားပါတယ်။”
ယခုနှစ်အစောပိုင်းကလည်း နန်ဆန်ယန်၊ အင်ဂျန်းယန် နှင့် နောင်းပုန် စသည့် ဒေသများမှ စစ်ဘေးရှောင် များ နေရပ်ပြန်သွားခဲ့ကြသည်၊
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တစ်ကြော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ မြို့နယ် အသီးသီးမှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များဖြစ်သည်။