ကချင်ပြည်နယ်နေ့အခမ်းအနား ကချင်အမျိုးသား အလံလွှင့်ထူခြင်းမရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၁၀) ရက်။
၇၂ ကြိမ် မြောက် ကချင်ပြည်နယ်နေ့တွင် ကချင်တိုင်းရင်းသားများ၏ အမှတ်အသားဖြစ်သော ကချင်အမျိုးသား အလံ လွှင့်ထူခြင်းမရှိသည့်အတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရသည်ဟု ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ကချင်ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့ (ယနေ့) တွင် ကျရောက်သည့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စီတာပူရပ်ကွက် မနောင်ကွင်းတွင် ပြုလုပ်ရာတွင် ကချင်အမျိုးသားအလံကို လွှင့်ထူ ထားခြင်းမရှိသည့်အပေါ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှ ဒေါ်ကိုင်ဂျား က ယခုကဲ့သို့ ပြောသည်။
“ဒီနေ့ကျမစိတ်မပျော်ဘူး။ ဒီမှာတက်ရတာ စိတ်မပျော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား အလံမပါတော့ ဘူး။ ဒီနေ့ ခါတိုင်းဆိုတော့ အမျိုးသားအလံလေနော် ကချင်အမျိုးသားတွေရဲ့ အလံပါတယ်။ ဒီနှစ်အလံ မပါ တော့ဘူး။ ကျမအဲဒါ စိတ်မကောင်းဘူး နည်းနည်းမှ စိတ်မကောင်းဘူး။ ရောက်ရောက်ချင်း ကျမ အဲဒါကြည့်တာ အော် ကျမတို့ ကချင်ပြည်မှာ ကချင် အမျိုးသားတွေရဲ့ အလံ နိုင်ငံတော်အလံနော် အဲဒါမပါဘူး လို့ ကျမစိတ်ထဲမှာ သိပ်ကိုခံစားတာ။”
မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ကချင်လူငယ် မဆိုင်းနူးခေါန်ကလည်း “ကချင်ပြည်နယ်နေ့မှာ အရင် တုန်းကဆို ထောင်တယ် အခုကျတော့ မထောင်ဘူးဆိုတော့ မေးခွန်းထုတ်စရာလည်း ဖြစ်တယ်။ ဘာဖြစ်လို့ မထောင်တာလဲအဲဒါ” ဟု ပြောသည်။
ယခင်က ကချင်ပြည်နယ်နေ့ကို ကျင်းပရာတွင် ကချင်လူမျိုးစု ၆ စုလုံး စည်းစည်းလုံးလုံးနှင့် အတူတကွ မနောင် ပွဲကို ကကြရသည့်အတွက် လွန်စွာပျော်ရွှင်စရာကောင်းကြောင်း၊ ထို့အပြင် ကချင်အမျိုးသားများ၏ အမှတ် တံ ဆိပ်ဖြစ်သည့် အမျိုးသားအလံကိုလွှင့်ထူထားသည်ကို မြင်တွေ့သည့်အခါတွင်လည်း ရင်ထဲတွင် ကြည်နူးပီ တိ ဖြစ်ရသည်ဟု ဆိုသည်။
ယခင်နှစ်များကကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်နေ့နှင့် ယခုနှစ်တွင် ပြုလုပ်သည့် ကချင်ပြည်နယ်နေ့ ကွာဟမှုနှင့် ပတ်သက်၍ ကချင်လူငယ် မဆိုင်းနူးခေါန် က ယခုကဲ့သို့ ဆက်ပြောသည်။
“သိပ်တော့ မပျော်ရွှင်ဘူး ဘယ်လိုပြောရမလဲ ငယ်ငယ်တုန်းက တစ်ခါပါဝင်ဖူးတယ်ပေါ့နော်။ ကချင်ပြည် နယ်နေ့ ဆိုတာ စည်းစည်းကားကားနဲ့ အရမ်းပျော်ရွှင်စရာကောင်းတာပေါ့နော်။ ဒါပေမယ့် ဒီနှစ်ကျတော့ အဲလောက်ကြီးလည်း မစည်ကားဘူး။ စိတ်ထဲမှာလည်း မပျော်ရွှင်သလို ခံစားရတယ်။ အကုန်လုံးကလည်း လူမျိုးစု ၆ စုရှိတယ်။ အဲဒီအထဲမှာ လူမျိုးလည်းမစုံ ပြီးတော့ ကရတာ စိတ်ထဲမှာ တစ်မျိုးပဲ ခံစားရတယ်။”
ထို့ကြောင့် နောက်ပြုလုပ်မည့် ကချင်ပြည်နယ်နေ့များတွင် ယခုကဲ့သို့မဟုတ်ပဲ ကချင်အမျိုးသားများ၏ အမှတ် တံဆိပ် အလံကို ပြန်လည်လွှင့်ထူပေးရန် နှင့် ကချင်မျိုးနွယ်စု အားလုံး အတူတကွ စည်းစည်းလုံးလုံး ပါဝင်စေ ချင်သည်ဟု ဒေါ်ကိုင်ဂျား က ဆက်ပြောသည်။
“ဒါကြောင့်မို့ နောက်ပိုင်းဆို အဲ့လိုမဖြစ်စေချင်ဘူး။ ကချင်အမျိုးသားဆို ကချင်အမျိုးသားရဲ့ အမှတ်တံဆိပ် လည်း ရှိရမယ်လေ အခု အမှတ်တံဆိပ်မရှိဘူး။ ကချင်ပြည်နယ်နေ့ဆိုရင်လည်း ဒါကြောင့်မို့ အဲဒါ အမျိုးသား အမှတ်တံ ဆိပ်တော့ ပါစေချင်တယ်။ ကျမက ကချင်အမျိုးဆိုတော့နော် ကချင်အမျိုးတစ်ယောက်က ကချင်အ မျိုးရဲ့ အမှတ် တံဆိပ်အလံမပါရင်တော့ ဘယ်ပျော်မလဲ။”
သို့သော်လည်း မြစ်ကြီးနားမြို့ အချို့သော နေအိမ်များတွင် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်အမျိုးသားအလံများကို ထောင်ထားသည် ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားခေါင်းစဉ်နှင့် ပတ်သက်၍ ဂျိမ်ဖော့မုန်းဒေါ်အဲန်ထွဲ (Jinghpaw Mungdaw Nhtoi) နှင့် ကချင်မုန်းဒေါ်အဲန်ထွဲ (Kachin Mungdaw Nhtoi) အခေါ်အဝေါ်ကိစ္စ ကချင်မျိုးနွယ်စု ၆ စု အကြား အငြင်းပွားခဲ့ကြသည်။
ထို့နောက် အစိုးရ၏ ခွင့်ပြုချက်အရ မြန်မာဘာသာဖြင့် ကချင်ပြည်နယ်နေ့အခမ်းအနား၊ ဂျိမ်းဖော ဘာသာဖြင့် ဂျိမ်ဖော့မုန်းဒေါ်အဲန်ထွဲ (Jinghpaw Mungdaw Nhtoi) ဆိုသည့် စာသားဖြင့်သာ အမည်နာမကို ပြောင်းလဲ သုံးစွဲကျင်းပခဲ့ရာ ကချင်မျိုးနွယ်စု အားလုံးကို ကိုယ်စားမပြုကြောင်း အချို့သော မျိုးနွယ်စုဝင်များ လည်း ထောက်ပြခဲ့ကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ မြန်မာ နိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၊ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီနှင့် ဇိုင်ဝါး စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီတို့ကလည်း ဇန်နဝါရီလ ၈ ရက်နေ့ ပွဲတော်သို့ မတက်ရောက်နိုင်ကြောင်း သဘောထားထုတ်ပြန်ချက် အသီးသီးထုတ်ပြန်ခဲ့ကြသည်။
အငြင်းပွားမှုကြားက ယနေ့တွင် ပြုလုပ်သည့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာကာ မိန့်ခွန်းပြောကြားခဲ့ပြီး မနောင်ကရာ တွင် လည်း ပါဝင်ခဲ့သည်။
နိုင်ငံတော်သမ္မတမှလည်း ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်ပပြုလုပ်သည့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နိုင် ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စား လှယ်များ၊ ဒေသခံမြို့မိမြို့ဖများ၊ကချင်ပြည်နယ်ရှိ တိုင်းရင်း သား မျိုးနွယ်စုဝင်များ စုစုပေါင်း လူဦးရေ ထောင်နှင့် ချီတက်ရောက်ခဲ့ကြသည်။