တပ်မတော်နှင့် ရှမ်းနီ တိုက်ပွဲများ ရပ်တန့်ပေးစေလိုကြောင်း ဒေသခံများပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဧပြီ ၂၄ ရက်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော် SNA တို့ကြားက တိုက်ပွဲများနှင့် စစ်ရေးမာမှုများ ရပ်တန့်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။
ဟုမ္မလင်းမြို့နယ်၊ ချောင်းကြီးနယ်တဝှိုက်တွင် ဧပြီလ (၁၇) ရက်နေ့နှင့် (၁၈) ရက်နေ့တို့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး ဒေသအတွင်း တပ်မတော်က စစ်အင်အားတိုးချဲ့ မှုများပြုနေသည့်အပြင် ဒေသခံပြည် သူများမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်များ မရှိသောကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ပြောသည်။
ချောင်းကြီးနယ်က ဒေသခံ ဆေဆိုင်မုန်း က “လက်ရှိအခြေအနေကတော့ တပ်ကတော့ တပ်အင်အားတွေ တိုးချဲ့နေတယ်ပေါ့။ ပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြီးတော့ ကျနော်တို့ ဒီချောင်းကြီးဒေသမှာရော ဥရုချောင်းဒေသမှာပါ လှည့်ပတ်ပြီးတော့ လုံခြုံရေးယူတာပေါ့။ ဒါကတော့ အထူးစိုးရိမ်စရာပေါ့။ အစိုးရ တပ် အနေနဲ့ အဲ့ဒီလိုလုပ်နေတာကြတော့ ကျနော်တို့ အရပ်သားတွေက အထူးစိုးရိမ်တာဗျ” ဟု ပြောသည်။
ဧပြီလ ၂၄ ရက်နေ့ (ယနေ့) တွင်လည်း ချောင်းကြီးနယ်တဝိုက်ရှိ ဒေသခံပြည်သူအချို့ တောထဲ ထင်းရှာ သွားရာ တပ်မတော်က ခွင့်မပြုခဲ့ဟု ဒေသခံများက ပြောသည်။
“ကျနော်တို့တောသူတောင်သားတွေက စားဝတ်နေရေးအတွက် တောထဲမှာ ဟင်းရှာတာတို့၊ ထင်းခွေတာ တို့ ဒီလုပ်ငန်းတွေရှိတယ်ဗျ။ အထူးသဖြင့် ကျနော်တို့က ဒီတောကို အမှီသဟဲပြုပြီးတော့ စားဝတ်နေရေး ဖြေရှင်းရတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီတောထဲမသွားရဘူးဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲရှိပါတယ်ဗျ။ ကျနော်တို့ ချောင်းကြီးဒေသဆိုတာ ကျေးရွာတွေ အများကြီးဗျ” ဟု ဆေဆိုင်မုန်း က ဆက်ပြောသည်။
ချောင်းကြီးနယ်တဝိုက်ရှိ ကျေးရွာများအတွင်း လုံခြုံရေးယူသည် ဆိုသည့် အကြောင်းပြချက်ဖြင့် အရပ်ဝတ် များဖြင့် လက်နက်ကိုင်ဆောင်ထားသူများက နေရာယူထားခြင်းများ ရှိနေသည့်အတွက်လည်း ဒေသခံများ က ပိုမိုစိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရသည်။
“အဓိကတော့ လူထုကို ဖိအားပေးနေတာပဲဗျ။ အခုလက်ရှိအနေအထားက ရွာထဲကို ဝင်လာတယ်။ ပြီး တော့ အရပ်ဝတ်တွေနဲ့လာတယ်ဆိုတဲ့အခါကြတော့ ဘယ်အဖွဲ့မှန်းကျနော်တို့က မသိရအောင် ဖြစ်နေ တယ်။ အဓိကတော့ ဒီအရပ်ဝတ်နဲ့လာပြီးတော့ ရွာထဲကို ဝင်ပြီးတော့ သူတို့က လုံခြုံရေးယူတယ်လို့ပြော တယ်ဗျ။ အခုက ရပ်ရွာမှာရှိတဲ့လူထုကို စိတ်ဓါတ်ရေးရာ ဖိအားပေးတယ်။ နောက်တစ်ချက်က သဘော တစ်ခုက သူတို့က ညအချိန်မတော် ကျန်းမာရေးအရ ထွက်တယ်ဆိုရင် အထူးစိုးရိမ်ရတယ်။ အသက် အန္တရာယ်အတွက် စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်ဗျ။”
အဆိုပါဒေသအတွင်းက တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူများ ထိတ်လန့်နေကြ သည့်အပြင် ကမ္ဘာ့ကပ်ရောဂါဆိုး Covid-19 ရောဂါ ဖြစ်ပွားနေသောကြောင့် ကျန်းမာရေးနှင့် စားဝတ် နေရေးတို့အတွက် စိုးရိမ်နေကြသည့်အချိန်ဖြစ်သောကြောင့် နှစ်ဖက်တပ်များအနေဖြင့် တိုက်ပွဲဖြစ်ပွားမှု များကို ရှောင်ကျဉ်ပေးပါရန် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။
ဟုမ္မလင်းမြို့နယ်၊ ချောင်းကြီးနယ်တဝှိုက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားမှု မရှိသော်လည်း တပ်မတော်က စစ်အင်အားတိုးချဲ့ မှုများ ပြုလုပ်နေသည့်အတွက် စစ်ရေးတင်းမာမှုရှိသည်ဟု ရှမ်းနီအမျိုး သားများ တပ်မတော် SNA က ပြောသည်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဗိုလ်မှူးကြီးဆေစိုင်းထွန်း က “လောလောဆယ် နောက်ဆက် တွဲ အခြေအနေကတော့ မြန်မာ့တပ်မတော်ဘက်က စစ်အင်အားတွေပြန်ပြီးတော့ တိုးချဲ့လာတယ်။ အခြေ အနေကတော့ တင်းမာတဲ့ အနေအထားရှိနေတယ်။ လက်ရှိက တပ်မတော်က ဆုတ်ခွာဖို့ နေနေသာ ပြီးမှ တောင် စစ်အင်အား တိုးချဲ့ ပြီး လာထိုင်ထားတာတောင်ရှိတယ်။ ကျနော်တို့က အခုလိုကာလမှာ ကျနော် တို့က ရှောင်ချင်ပါတယ်။ အဓိကက မြန်မာ့တပ်မတော်အပေါ်မှာ မူတည်ပါတယ်။ မြန်မာ့တပ်မတော် ဘက် က ထိုးစစ်တွေ အင်အားတိုးချဲ့မှုတွေ ဖြစ်လာတာလေ။ ကျနော်တို့က အတတ်နိုင်ဆုံးရှောင်တယ်။ အထူးသ ဖြင့် ဒီလို ရောဂါဖြစ်နေတဲ့ကာလတွေမှာ မဖြစ်ချင်ဘူး” ဟု ပြောသည်။
တပ်မတော်ဘက်က ဖောင်းပြင်၊ ခန္တီးနှင့် ဗန်းမောက်ဘက်က တပ်ရင်းများ ချောင်းကြီးနယ်တဝှိုက်တွင် တပ် အင်အားများ ထပ်မံဖြည့်တင်းထားသည်ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်း က ဆက်ပြောသည်။
“ဒီဧပြီလထဲမှာတော့ နှစ်ကြိမ်ပေါ့လေ။ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က တစ်ကြိမ် နှစ်ကြိမ်ပါခင်ဗျ။ ဖြစ်တဲ့နေ ရာကတော့ ကျေးရွာတွေနဲ့ အနည်းဆုံး နှစ်နာရီခွဲလောက် ဝေးပါတယ်။ အဓိကတော့ ဟုမ္မလင်း အခြေဆိုက် ခလရ (နှစ်သုံးလုံး) ၂၂၂ နဲ့ ဖြစ်တာပါ။ ကျန်တဲ့တပ်တွေကတော့ ဖောင်းပြင်တပ်၊ ခန္တီးတပ်တွေကတော့ အင်အားဖြည့်ထားတာတော့ ရှိတယ်။ အဓိက တိုက်ပွဲဖြစ်ရတာကတော့ ကျနော်တို့ SNA မူမှာလည်းပါတယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ့၊ အဲ့မှာ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ ဖမ်းဆီးအရေးယူတာ၊ အပြစ် ပေးတာ၊ အရေးယူတာတွေ လုပ်နေတော့ အဲ့ကနေစဖြစ်တာပေါ့။”
ရှမ်းနီးအမျိုးသားတပ်မတော်နှင့် တပ်မတော်ကြားက စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲအခြေအနေများနှင့် ပတ် သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်န့က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များက ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှမ်းနီပြည်ရရှိရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေး၊ ရှနီးဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းမျိုးနွယ်စုများ အားလုံး စည်း လုံး ညီညွတ်မှုရရှိရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရေး စသည့် မူ(၅)ချက်ကို ချမှတ်ကာ အကောင်အထည်ဖော်ဆောင်လျှက်ရှိသည်ဟု သိရသည်။