အစားထိုးခံရမည်ကို စိုးရိမ်သဖြင့် သစ်မှောင်ခိုငယ်များ တိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်။

ပဲခူးတိုင်း အနောက်ခြမ်းတွင် သစ်များ စံချိန်တင် ဖမ်းဆီးခံရပြီးနောက်ပိုင်း သစ်မှောင်ခိုငယ်များ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် စံချိန်တင် သစ်ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအဖြစ် သစ်မှောင်ခိုကြီးများကိုယ်စား အစားထိုးအဖမ်းခံရမည်ကို စိုးရိမ်သဖြင့် သစ်မှောင်ခိုငယ်များ ထွက်ပြေး တိမ်း ရှောင် နေရသည်ဟု သိရသည်။

ဇွန်လ ၁၈ ရက်နေ့က ပန်းတောင်းမြို့နယ်၊ ရေကျော်ကျေးရွာအနီးတွင် သစ်တန်ချိန် ၇၀၀ ခန့်ကို စစ်ကောင်စီက စံချိန်တင် ဖမ်းဆီးရမိခဲ့ပြီးနောက် သစ်မှောင်ခိုအငယ်လေးများက ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ် သည် ဟု ဒေသခံများက ပြောသည်။

”ကံမ နယ်ထဲက မောင်ညွန့် သူက ပွဲစားအသစ် သူ့ကိုဖမ်းသွားတယ်။ ပန်းတောင်း အဆက် အလည်ချောင်း၊ ကြို့ ပင်၊ ပြကြီး၊ သာစီရွာက လူတွေ အကုန်ရှောင်နေရတယ်” ဟု သစ်သမားနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

အထူးသဖြင့် သစ်တိုင်းအလုပ်သမားနှင့် လက်ခွဲကုန်သည်များကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုဖမ်းဆီးမှုသည် လက်ကြီးကုန်သည် အချင်းချင်း မပြေမလည်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပန်းတောင်မြို့နယ်အတွင်းရှိ အခြားကျေးရွာများက သစ်စုပုံကွင်းများနှင့် ပတ်သက်၍ အပြန်အလှန် မတိုင်ကြား အောင် သက်ဆိုင်ရာတာဝန်ရှိသူအချို့နှင့် ကုန်သည်ကြီးများ က ဥသျှစ်ပင်ရှိ နာမည်ကြီး KTV ဆိုင်တစ်ဆိုင်တွင် ညှိနှိုင်းတိုင်ပင်အပြီး ယခုကဲ့သို့ သစ်ကုန်ကူးသူ အငယ်များဘက် မျှားဦးလှည့်လာခြင်း ဖြစ်သည်ဟု သစ်သမား များနှင့် နီးစပ်သူအချို့က ဆိုသည်။

မင်းတုန်း-ကံမ မြို့နယ်များရှိ သစ်များကို ပုသိမ်-မုံရွာ လမ်းတလျောက် သယ်ယူလာကြပြီး စုပုံကွင်းများတွင် နေ့၊ ညအစောင့်နှင့် ထားသော အဆိုပါကျေးရွာများက သစ်ပုံများကို မဖမ်းဆီးပဲ သစ်လုပ်ငန်းလုပ်ကိုင်သူ အငယ်များ ကို အဖမ်းပြခြင်း ဖြစ်နိုင်သည်ဟု သစ်ကုန်သည်အငယ်များက ပြောသည်။

“ပုသိမ်-မုံရွာ လမ်းတလျောက်က ရွာတွေ အနီးမှာ တရွာတပုံ ပေါင်းရင်တောင် တန်ထောင်ချီမိမှာ။ အခုက စကစ ပါ ယူထားတော့ ဘာတွေဆက်ဖြစ်မလဲ မသိဘူး” ဟု အသက် ၅၀ အရွယ် သစ်ကုန်သည် အငယ် တစ်ဦး က ပြောသည်။

အဆိုပါသစ်များသည် ပုသိမ်-မုံရွာလမ်းတလျောက် ငဖဲ-မင်းလှ-မင်းတုန်း- ကံမမြို့နယ်တို့ဘက်မှ နေ့ည အချိန် မရွေး ၁၂ ဘီးကားကြီးများ၊ ဖောကားများနှင့် သယ်ယူလာသည့် သစ်များ ဖြစ်သည်ဟု သိရသည်။

ထိုသို့ သယ်ယူလာပြီး ကျေးရွာများတွင် နေရာမှာ စီစဉ်ပြီး ခေတ္တဝှက်ထားပြီးနောက် ပင်ရင်း အဝယ်ဒိုင် ရခိုင်ပြည် နယ်၊ တောင်ကုတ်မြို့နယ်ဘက်က မီးစိမ်းမပြမချင်း ယခုကဲ့သို့ ခိုအောင်းထားလေ့ရှိသည်ဟု စုံစမ်းသိရသည်။

ပန်းတောင်းမြို့နယ်မှ တဆင့်ပြည်မြို့နှင့် ဧရာဝတီတိုင်းဘက်သို့လည်း ပို့ဆောင်လေ့ရှိပြီး ရခိုင်ပြည်နယ်၊ တောင် ကုတ်ဘက်သို့ ပို့ဆောင်ရာတွင် တောင်ကုတ်ဘက်ခြမ်းသို့ ရောက်သည်နှင့် အားလုံး အဖမ်းအဆီး မခံရဘူးဟု သစ်ကုန်သည်တစ်ဦး က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တွင် သစ်ခုတ်ယူခြင်းကို ရပ်နားထားပြီး ယခု စစ်ကောင် စီ လက်ထက်တွင် စက်ယန္တယားကြီးများဖြင့် သစ်ထုတ်လမ်းများဖောက်ကာ သစ်ကို အလုံးအရင်းနှင့် ၂၄ နာရီ ပတ်လုံး ထုတ်ယူနေကြခြင်းဖြစ်သည်ဟု ပန်းတောင်းဒေသခံများက ပြောသည်။

ဓါတ်ပုံ – ပုံဟောင်း