စစ်ကောင်စီ သတင်းပေးဆိုသူ တောလမ်းခရီးတွင် ပစ်သတ်ခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦး တနင်္သာရီမြို့နယ်အတွင်း တောလမ်းတနေရာတွင် သမီးဖြစ်သူနှင့် အတူ ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာတွင် စစ်ကောင်စီသတင်းပေးဆိုသူ ဦးမင်းဇော် အသက် ၄၅ နှစ်သည် သေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ခေါင်းမှာ သေနတ်ကျည် ထိ ထားတဲ့ ဒဏ်ရာတစ်ချက်တွေ့တယ်။ သက်ဆိုင်ရာ လူကြီးတွေကို အကြောင်း ကြားထားပေမယ့် ရောက်မလာ ကြလို့ ညနေပိုင်းမှ အလောင်းကို ရွာပြန်ယူလာရတယ်” ဟု ပြောသည်။
စစ်ကောင်စီ သတင်းပေး ဦးမင်းဇော်ဆိုသူ နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစသ်ည်။
ဇဝဲကျေးရွာသားဖြစ်သူ ကိုမင်းဇော်နှင့် သမီးဖြစ်သူတို့ ၂ ဦး ဆိုင်ကယ်ဖြင့် ဥယျဉ်ခြံသို့ အလုပ်လုပ်ရန်သွားစဉ် အမည်မသိ လူ ၆ ဦး က လမ်းတွင် တားဆီးရပ်တန့်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ တောလမ်းတစ်နေရာတွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဦးမင်းဇော်ကို ဖမ်းဆီးပြီးနောက် သမီးဖြစ်သူကို ဆိုင်ကယ်နှင့်အတူ ချက်ချင်းပင် ရွာသို့ပြန်ခိုင်းလိုက်သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူ ဦးမင်းဇော်ကို ၎င်းတို့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခင်းဖြစ်သည့် ညနေပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။
ဦးမင်းဇော်အား စစ်ကောင်စီ သတင်းပေးပြုလုပ်နေခြင်းကို ရပ်တန့်ပြီး ဆက်လက် မလုပ်ဆောင်ရန် တနင်္သာရီ – ပကဖ အဖွဲ့က အကြိမ်ကြိမ်သတိပေး စာထုတ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသဖြင့် ယခုကဲ့သို့ ရှင်းလင်း လိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ အခြားသော စစ်ကောင်စီ သတင်းပေးဒလန်များကိုလည်း အကြိမ်ကြိမ် သတိပေးစာ များ ထုတ်ပြန်ပေးပို့ထားပြီး ဖြစ်သည့်အတွက် လိုက်နာမှု မရှိသူများအား အမြန်ဆုံး သုတ်သင်ရှင်းလင်းသွားမည် ဟု အသိပေးချက်ထဲတွင်ဖေါ်ပြထားသည်။
သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်သဖြင့် အချိန်မနှောင်းခင် အမြင်မှန်ရကာ ပြည်သူနှင့်အတူ ရပ်တည်ပေးရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်းကိုလည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေးသားထုတ်ပြန် ထားသည်။