ပုလောမြို့နယ်အတွင်း စစ်ကောင်စီ စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ် အတွင်းရှိ စစ်ကောင်စီစခန်းတခုကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေ၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နန်းတောင်ကျေးရွာတံတားအနီးရှိ စစ်ကောင်စီ စခန်းတွင် တစ်နာရီနီးပါး နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အသုံးပြု ပစ်ခတ် ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ မြေပြင်အသာစီး ရရှိခဲ့ကာ တိုက်ပွဲပြီးဆုံးခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံနေတာ၊ ရွာသားတွေ ထိခိုက်တာတော့ မရှိပါဘူး၊ ရွာမှာက ရွာ
သားတွေ မရှိကြဘူး။ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာရယ် စစ်တပ်က စခန်းလာချထားတာရယ်ကြောင့် မနေရဲကြဘူး” ဟု အသက် ၅၀ နှစ်ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က နန်းတောင်ကျေးရွာတံတားအနီးရှိ စစ်ကောင်စီစခန်းတခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်ဟု ပူရိယက္ခညီနောင် စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲမှာ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီစခန်းအား သွားရောက်တိုက်ခိုက်မှုကို KNDO ဦးစီးသည့် ပူရိယက္ခ ညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလ က ဦးဆောင်ကာ ပုလော- PDF၊ မိုးကြိုးအဖွဲ့၊ Ghost Ranger အဖွဲ့ နှင့် ပုလောဒေသခံ ကရင် (KPDF) အဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟုပူရိယက္ခညီနောင် စစ်ကြောင်းမှ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

တစ်နာရီနီးပါး ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း PDF ပူးပေါင်း တပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။