မြန်အောင်မြို့နယ်အတွင်း နယ်မြေ ရဲစခန်း တစ်ခု တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
မြန်အောင်မြို့နယ်အတွင်းရှိ ကနောင်နယ်မြေရဲစခန်း ပထအဆုံးအကြိမ် တိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ကနောင်နယ်မြေရဲစခန်းကို လက်လုပ်ဗုံး ၁ လုံးဖြင့် ပထမ ပစ်ပေါက်ပြီးနောက် သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ် ခံရကာ ရဲစခန်းအတွင်းမှ ပြန်လည် ပစ်ခတ်မှုများ ရှိခဲ့စည်ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။
ရဲစခန်းအနီးရှိ ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက “ဝုန်း ဆိုတဲ့ ပေါက်ကွဲသံရော သေနတ်သံတွေရောဘဲ ၁၅ ချက်လောက် ညံထွက် သွားတယ်။ ပထမတော့ ရဲစခန်း ဝင်စီးခံရပြီး တိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီ မှတ် တာ။ နောက်မှ ပစ်ပြီး ချက်ခြင်း ပြန်ဆုတ်သွားတယ် သိရတယ်” ဟု ပြောသည်။
ကနောင်နယ်မြေရဲစခန်း နိုဝင်ဘာလ ၂၄ ရက်နေ့၊ ည နေ ၆ နာရီ ဝန်းကျင် က ဝင်ရောက်တိုက်ခိုက်ခံရခြင်း ဖြစ် ပြီး စစ်အာဏာသိမ်းပြီး ၂နှစ်နီးပါး အကြာအတွင်း ကနောင်တွင် ပထမဆုံး အကြိမ် ရဲစခန်းတခု တိုက်ခိုက်ခံရခြင်း လည်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထို့သို့ တိုက်ခိုက်ခံရချိန် ရဲစခန်းဘက်မှလည်း သေနတ်ဖြင့် ၁၀ ချက်ခန့် ပြန်လည် ပစ်ခတ်ခဲ့ရာ လာရောက် ပစ် ခတ်သူများ ပြန်ဆုတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့ အသိုင်းအဝိုင်း နှင့် နီးစပ်သူ အချို့က ပြောသည်။
ရဲစခန်း ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သော်လည်း နှစ်ဘက် ထိခိုက် ဒဏ်ရာရ ကျဆုံးခြင်း မရှိကြောင်း၊ သို့သော် မြန် အောင်မြို့ အထိုင် တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ စစ်ဆေးခြင်း နှင့် သက်ကယ်တော၊ ကိုင်းတောများတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြော သည်။
ကနောင်နယ်မြေ ရဲစခန်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဒေသခံ တော်လှန်ရေး အင်အားစုများဘက်က တစ်စုံ တစ်ရာ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
အသက် ၇၀ ကျော်ခန့်ရှိ ဒေသခံ တစ်ဦး က “ကနောင် ရဲစခန်းက လောင်ကစားဝိုင်းတွေကို လိုင်းကြေးယူ ဖွင့်ခွင့် ပြုပြီး မြန်အောင် စစ်တပ်ကို ဆက်ကြေးပေးနေတာလေ။ လယ်သမားတွေ ဒေသခံတွေစီက အကြပ်ကိုင် ငွေ ညှစ်တာတွေလည်း ရှိတော့ မကျေနပ်တဲ့သူတွေ လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင်လည်း ကနောင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ လမ်းပေါ်တွင် ကနောင်မြို့ နယ် မြေ ရဲစခန်းက ရဲတပ်သား ဇော်ဇော်ထက် ဆိုသူကို သေနတ်သမား တစ်စုက ပစ်ခတ်ခဲ့သဖြင့် မြန်အောင်မြို့ ဆေးရုံ မှာ အတွင်းလူနာအဖြစ် ဆေးကုသခဲ့ရသေးသည်။
အဆိုပါ ပစ်ခတ်မှုတွင်လည်း နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြရခြင်း ဖြစ်ပြီး နဂါးနီတော်လှန်ရေး တပ်ဖွဲ့ (Red Dragon Revolution Force) မြန်အောင်မြို့နယ် ၏ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု နဂါးနီ တော် လှန်ရေးတပ်ဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။