ဇလွန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရှေ့တွင် ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ တောင်သူများအား ချေးငွေများ အတင်းအကြပ် ပြန်ဆပ်ခိုင်းနေသည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲရှေ့ ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဇလွန်မြို့၊ လမ်းမတော် မြောက်ရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ရှေ့ တွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီကျော် အချိန်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

“စိုက်ဘဏ်ရှေ့မှာ ပေါက်တာပါ။ အသံက အတော် ကျယ်တယ်။ ရပ်ကွက်ထဲက တချို့ အိမ်တွေ တုန်တောင် သွားတယ်။ အဆောက်အဦလည်း မပျက်ဘူး။ ထိခိုက်တာ သေတာလည်း မရှိဘူး။ မနက် ၆ နာရီဝန်းကျင်ဆို တော့ ဘဏ်ကလည်း မဖွင့်သေးတော့ လူသွားလူလာက ပါးတယ်” ဟု ဇလွန်မြို့ခံ တစ်ဦး က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဧရာညီနောင် မြို့ပြပြောက်ကြားအဖွဲ့ ၏ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်း သတင်းထုတ်ပြန်ချက် အရ အဆိုပါ ဖေါက်ခွဲမှုကို ဧရာညီနောင် မြို့ပြပြောက်ကြားအဖွဲ့ နှင့် ဇလွန်မြိုနယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဇလွန် (ပကဖ) တို့က ပူးပေါင်းပြီး သတိပေး ဖောက်ခွဲခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ပြည်သူအများ ခက်ခဲကြပ်တည်း နေချိန်တွင် တောင်သူ လယ်သမားများအပေါ် ငဲ့ညှာမှု အလျင်းမရှိဘဲ ချေးငွေ များ အတင်းအကြပ် ပြန်လည် ပေးဆပ်ခိုင်းနေခြင်းကြောင့် ဇလွန်မြို့နယ် စိုက်ဘဏ်ကို သတိပေးဖောက်ခွဲမှု ပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို့အပြင် ဒေသခံ ပြည်သူများထံမှ အဓမ္မ ဖိအားပေးကာ အခွန်အခများ ကောက်ခံနေတဲ့ စည်ပင်ရုံး၊ မီတာရုံး၊ အခွန်ရုံးနှင့် အခြားသော စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများကိုလည်း တပါတည်း သတိပေး လိုက် ခြင်းဖြစ်သည် ဟု ဧရာညီနောင် မြို့ပြ ပြောက်ကြားအဖွဲ့၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖေါ်ပြ ပါရှိသည်။

“ဖေါက်ခွဲမှုကို လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ ဘေးကင်း လုံခြုံရာ နေရာကို ပြန်ရောက် နေပြီ” ဟု ဧရာညီနောင် မြို့ပြပြောက်ကြား တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇလွန်မြို့နယ် အတွင်းရှိ တောင်သူများအား အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် NLD ပါတီ အစိုးရ လက်ထက် COVID-19 ကာလတွင် တောင်သူများအား လယ်ယာ လုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရန်အတွက် ထောက်ပံ့ပေး ခဲ့ သည့် ငွေများနှင့် စိုက်ပျိုး စရိတ် ချေးငွေများကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေး တောင်းနေသည်ဟု ဒေသခံ တောင်သူများက ပြောသည်။

ဇလွန်မြို့ ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲရှေ့တွင် ယခု ဗုံးပေါက်ကွဲမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တုန်းကလည်း ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ပေါက်ကွဲမှုတွင်လည်း ပျက်စီး ထိခိုက် သေဆုံးခြင်းမျိုး မရှိဘူးဟု ဒေသခံ သတင်းအရင်းအမြစ်များ ထံမှ သိရသည်။