မှန်လုံကားများဖြင့် သစ်ခိုးထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။၊
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ကြို့ပင်ကောက်မြို့နယ်အတွင်း အိမ်စီးမှန်လုံကားများ ဖြင့် သစ်များ ခိုးထုတ်နေသည်ဟု ဒေသခံများက ပြောသည်။

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြို့နယ်အတွင်း ယခု နိုဝင်ဘာလ နောက်ဆုံးအပတ်ထဲ အိမ်စီးမှန်လုံကားဖြင့် သစ်များကို ရန်ကုန် ဘက်သို့ ခိုးထုတ်နေသည်ဟု မြို့ခံတဦးက ပြောသည်။

သစ်တင်ရန် ပြုပြင်ထားသည့် အိမ်စီးမှန်လုံ ၆ ဘီးကား ၄ စီးခန့်ဖြင့် ကြို့ပင်ကောက်မြို့ကို ဖြတ်ပြီး ညစဉ် ပဲခူး ရိုးမထဲက သစ်များကို ခိုးထုတ်နေခြင်းဖြစ်သည်ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးရိုးမက သစ်များကို တရားမဝင် ခိုးထုတ်မှု များလာကာ သက်ဆိုင်ရာ ဂိတ်များနှင့် ဌာနဆိုင်ရာတို့ကို ငွေပေးလျှင် အဆင်ပြေပြေဖြင့် ခိုးထုတ်နိုင်သည်ဟု ဆိုသည်။

ထိုသို့ ငွေပေးဆောင်ကာ အိမ်စီးမှန်လုံ ၆ ဘီးကား ၄ စီး ခန့်က ယခုရက်ပိုင်း သစ်များတင်ကာ ရန်ကုန်ဘက်ကို ခိုးထုတ်နေကြခြင်း ဖြစ်သည်ဟု ကြို့ပင်ကောက်မြို့ခံတဦး က ပြောသည်။

သို့သော် ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်နယ်ထဲတွင် မည်သည့် သစ်မှမရှိတော့သဖြင့် တခြားနယ်ထဲက သစ်များကို ကြို့ပင်ကောက်နယ်ထဲက ပတ်ထုတ်ခြင်းဖြစ်နိုင်သည်ဟု သစ်တောဝန်ထမ်းတဦးက ပြောသည်။

သစ်တောဝန်ထမ်းတဦးက ”ကြို့ပင်ကောက် နယ်ထဲမှာ ဘာသစ်မှမရှိတော့ဘူး။ ကျွန်းမပြောနဲ့ တခြားသစ် လည်း မရှိဘူး။ တခြားမြို့က လာ တာ ဖြစ်လိမ့်မယ်။ ဖုန်းဆက်တိုင်ပေမယ့် ညအချိန်မတော်ဆိုတော့ ကျနော် တို့ရဲ့ လုံခြုံ ရေးက ရှိသေးတယ်။ ဒါပေ မယ့် လမ်းတလျောက်က ပူးပေါင်းဂိတ်တွေကို ဖုန်းဆက်ပေးပါတယ်။ တခါတလေ လည်း သတင်းမှားတွေ ဖြစ်နေတတ်တယ်” ဟု ပြောသည်။

ပဲခူးတိုင်းအရှေ့ဘက်ခြမ်း ဖြူးမြို့နယ်ထဲရှိ သစ်ကွင်းထဲမှ သစ်များကို သစ်ထုတ်လုပ်ရေး လမ်းဟောင်းအတိုင်း အနောက်ဘက်ခြမ်းမှ ဖြတ်ပြီး ခိုးထုတ်ခြင်းဖြစ်နိုင်သည်ဟု ကြို့ပင်ကောက်မြို့ခံအချို့က ဆိုသည်။

NLD အစိုးရလက်ထက်တွင် ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့် တရားဝင်ရော၊ တရားမဝင်ပါ ပိတ်ထားခဲ့ပြီး သစ် ခိုးထုတ်တာများကို ဖိဖိစီးစီး ဖမ်းဆီးခဲ့ခြင်းကြောင့် သစ်ခိုးထုတ်မှု လျော့ကျခဲ့ရာမှ ယခု စစ်ကောင်စီ လက်ထက် တွင် ငွေပေးပါက အကုန်လုပ်၍ ရနေခြင်းကြောင့် သစ်ခိုးထုတ်သူများ များလာနေခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

”မြို့နယ်ထဲမှာ သစ်မရှိတာ ဟုတ်တယ်။ ဒါပေမယ့် ရန်ကုန်နဲ့ တခြားမြို့က သစ်ကုန်သည်တွေ လာတယ်။ နယ်ခံ ကုန်သည်တွေကို ငွေချပေးပြီး ဆည်ဘက်ကနေကဲ့ကြတာတွေ သိနေ ကြားနေရတယ်” ဟု ကြို့ပင်ကောက်မြို့က အသက် ၅၀ ကျော် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကို လိုင်းကြေးပေးပြီး သစ်ခိုးထုတ်နေသူများသည် ပဲခူးရိုးအတွင်းရှိ PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို လည်း စစ်တပ်ထံ သတင်းပေးနေသည်ဟု ဆိုသည်။

PDF များက စစ်ကောင်စီကို သတင်းမပေးရန်နှင့် သစ်ခိုးမခုတ်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာ မှု မရှိသဖြင့် အောက်တိုဘာလကုန်ပိုင်းက သစ်ခိုးကား တစီးကို ဖမ်းဆီးမီးရှို့ခဲ့ပြီး သစ်ခိုးထုတ်သူများကို ပညာ ပေး၍ ပြန်လွှတ် ပေးလိုက်သည်။

NLD အစိုးရလက်ထက်တွင် ပဲခူးရိုးမကို သစ်ထုတ်ခွင့် ၁၀ နှစ်၊ ရခိုင်ရိုးမကို သစ်ထုတ်ခွင့် ၁ နှစ် ပိတ်ခဲ့ပြီး စိမ်း လန်းရေး စီမံချက်ဖြင့် စီမံကိန်းများချကာ အစားထိုး သစ်တောများ တိုးချဲ့စိုက်ပျိုးခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြ သော်လည်း စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် အဆိုပါ စီမံကိန်းများ ရပ်ဆိုင်းကုန်သည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင် လုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများကို နိုင်ငံတကာ က စီးပွားရေး ပိတ်ဆို့တားမြစ်ခြင်းများ လုပ်ခဲ့သော်လည်း သစ်ထုတ်လုပ်ငန်း မပါဝင်ဘူးဟု အမျိုးသား ညီညွတ် ရေးအစိုးရ NUG သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီး ကတည်းက သစ်လုပ်ငန်းမှ ကျပ်သန်း ၈၄၀၀ ကျော် ရရှိထားကာ အဆိုပါ ငွေများသည် စစ်ကောင်စီ အတွက် ပြည်ပဝင်ငွေများဖြစ်ပြီး ယခုအခါ သစ်လုပ်ငန်းမှ ဖမ်းဆီးရမိသည့် သစ်မှန်သမျှ ကို ရန်ကုန် သို့ တိုက်ရိုက်ပို့ရပြီး ရုရှားကိုတင်ပို့မည် ဖြစ်ကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနနှင့် နီးစပ်သူအချို့၏ ပြောပြ ချက်အရ သိရသည်။