စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ်မှ တပ်ရင်းအနီး တဝိုက်ရှိ လူနေထိုင်ရာ ကျေးရွာ များဘက်သို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။
မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ ၈၁ မမ မော်တာဖြင့် ပစ်ခတ်ခဲ့ရာ အရှေ့မော်တုန်း ကျေးရွာမှ နေအိမ်တစ်ဆောင်အရှေ့ ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီးပစ်ခတ်သံ ကြားရခြင်းကြောင့် နေအိမ်တံခါးထွက်ပိတ်သူ ကိုတီငယ် ၃၀နှစ် ဝမ်းဗိုက်ကို လက်နက် ကြီးကျည် ထိမှန်ခဲ့ပြီး ဆေးရုံပို့ဆောင်ရန် စီစဉ်နေချိန် ဝမ်းဗိုက်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ ခြင်း ဖြစ်သည်။
“သူကံဆိုးတယ်လို့ ပြောရမှာပေါ့၊ တိုက်တိုက်ဆိုင်ဆိုင် လက်နက်ကြီးကျည်က အိမ်ရှေ့ကျပြီး ပေါက်ကွဲတာနဲ့ တံခါးပိတ်ဖို့ လုပ်နေချိန်နဲ့ ကွက်တိလိုဖြစ်သွားတာ” ဟု အသက် ၃၅ နှစ်အရွယ် မော်တုန်းကျေးရွာမှ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၂၄ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က စစ်ကောင်စီကပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များမှာ အရှေ့မော်တုံးကျေးရွာ အပြင် ဇလုံး၊ ထုံနွယ်၊ ဘန်းလ မွတ် စသည့်ရွာများဘက်တွင်လည်း ကျရောက်ပေါက်ကွဲခဲ့ သေးသည်။
ဒေသခံ PDF တပ်များနှင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကောင်စီတပ်မှ အရပ်သားများ နေထိုင်ရာ ကျေးရွာများဘက်သို့ အကြောင်းမဲ့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ရွာသားများက ဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောနှင့် တနင်္သာရီမြို့နယ်များအတွင်းရှိ ကျေး ရွာများသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ ရှိနေ သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က အောက်ကင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၇ တပ်ရင်းမှ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည် ဗောဓိကမ်းကျေးရွာ ရတနာဗောဓိ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ရာ သံဃာတော် နှစ်ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တနင်္သာရီမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။
ထို့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ဇဝဲရွာအခြေစိုက် ခမရ – ၅၅၆ တပ်ရင်းအတွင်းမှ ပြင်ဝန်းကျေး ရွာဘက်သို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ရွာသား များ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ကြရသေးသည်။