ဝိုင်းမော်-ကန်ပိုင်တည် လမ်းရှိ စခန်းများ KIA သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်။ 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ကုန်သွယ်ရေးနှင့် စစ်ရေးအရ အရေးပါသော စစ်ကောင်စီ၏ တပ်စခန်း ၃ ခုနှင့် တနိုင်းမြို့နယ်ထဲက တပ်စခန်း ၁ ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်သိမ်းယူ လိုက် သည်။

ဝိုင်းမော်မြို့နယ်ထဲက စခန်းများကို ဇွန်လ ၁၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက တိုက်ခိုက်သိမ်းယူ လိုက်ခြင်း ဖြစ် သည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက 

ပြောသည်။

ဝါရှောင်အထက် ၁၃ မိုင်လို့ခေါ်တဲ့ ချီဖွေနဲ့ ကန်ပိုင်တီသွားတဲ့ လမ်းဆုံမှာ စုပေါင်း ဂိတ်တွေရှိတယ်။ အဲဒီ စုပေါင်းဂိတ်မှာ စခန်းထိုင် နေတဲ့ ဒီပို့စ်ကိုပေါ့နော အဲ့ဒါကို သိမ်းလိုက်တာ ဖြစ်ပါတယ်။ အဲကနေ ပြန်ဆက် သွား လို့ရှိရင်တော့ ဘွမ်တောင် ဆိုတဲ့ တောင်ပေါ်က စခန်းတစ်ခုရှိတယ်။ မိုင် ၂၀ လောက်ကွာမှာပါ။ အဲဒီစခန်းကို လည်း သိမ်းလိုက်ပါပြီ။ နောက် ဆဒုံးနဲ့ ကန်ပိုင်တီကြားမှာ လဖိုင်ဆိုတဲ့ ရွာဟောင်းရှိပါတယ်။ စစ်ရှောင်ရွာ ဖြစ်ပါ တယ်။ အခုတော့ စစ်ပြေး ပြည်သူလူထုတွေကတော့ ပြန်နေတယ်လို့တော့ ကြားရပါတယ်။ အဲမှာရှိတဲ့ စခန်းကို လည်း သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဆိုတော့ ဝိုင်းမော်မြို့နယ်မှာ ဒီနေ့ စခန်း ၃ ခု သိမ်းတာ ဖြစ်ပါ တယ်” 

ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းများကို KIO/KIA တပ်မဟာ ၅ လက်အောက်ခံတပ်တို့က တိုက် ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု KIO/KIA က ပြောသည်။

ယခုသိမ်းယူလိုက်သည့် ဝိုင်းမော်မြို့နယ်ထဲက တပ်စခန်းများမှာ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းကို ထိန်း ချုပ်ထားသော တပ်စခန်းများ ဖြစ်ပြီး စစ်ရေးအရ အရေးပါသော စခန်းများလည်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

ဝိုင်းမော်နဲ့ ဆဒုံးဖက် သွားတဲ့ လမ်းကတော့ ကန်ပိုင်တီလမ်းဖြစ်ပါတယ်။ ဟို တရုတ်ပြည်နဲ့ နယ်ခြားကုန်သွယ် ရေး လမ်းကြီးဖြစ်ပါတယ်။ အဲဒီလမ်းပေါ်က စခန်းတွေ ဖြစ်ပါတယ်။ ဆိုတော့ ကုန်သွယ်ရေးအတွက်လည်း အရေးကြီးတဲ့ စခန်းဖြစ်မှာပါ အဲဒါ တစ်ချက် နောက် စစ်ရေးနဲ့ ပတ်သက်လို့တော့ အဲဒီလမ်းတစ်ခုလုံးကို လုံခြုံ ရေးယူထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။ ခုနပြောတဲ့ အဲဒီ စုပေါင်းဂိတ်တွေဟာလည်း ဆဒုံဖက်နဲ့ ဟို ချီဖွေဖက်ကို သွားတဲ့ ဗျူဟာမြောက်တဲ့ စခန်းတစ်ခုဖြစ်ပါတယ်။” 

လက်ရှိ စခန်းသိမ်းယူထားသည့် နေရာများနှင့် ဝိုင်းမော်မြို့နယ်ထဲတွင် စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ လည်း ဆက်လက်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။

ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းများကို သိမ်းယူနိုင်ခဲ့သည့်အပြင် တနိုင်းမြို့နယ်ထဲက၌လည်း စခန်း သိမ်း တိုက်ပွဲကို ဆင်နွှဲခဲ့သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက် ပြောသည်။

တနိုင်းဖက်ကတော့ ပယင်းမော်၊ ရွှေမော်ဖက်မှာရှိနေတဲ့ ကျနော်တို့ ကချင်အခေါ်နဲ့တော့ ခါလွမ်ပေါင်လို့ခေါ် တဲ့ စခန်းကို သိမ်းတာ ဖြစ်ပါတယ်။ ခါလွမ်ပေါင်ဆိုတဲ့ သဘောကတော့ ရေကန်ပေါ့ တောင်ပေါ်ရှိရေကန်ပေါ့ ဟို ရွှေမော်တို့ ရှိစဉ်က ရေပေးတဲ့ စခန်းဖြစ်ပါတယ်။ အဲဒီစခန်းကို သိမ်းလိုက်တာ ဖြစ်ပါတယ်။မနေ့က သိမ်း တာ ဖြစ်ပါတယ်။

တနိုင်းမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းကိုမူ KIO/KIA တပ်မဟာ ၂ လက်အောက်ခံတပ်တို့က ဇွန်လ ၁၀ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ပူးပေါင်းတို့ အကြား ကချင်ပြည်နယ်ထဲက မြို့ နယ် တော်တော်များများ၌ စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ အဆိုပါ တိုက်ပွဲများထဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကို ယခင်က ထက် ပိုမို လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် KIO/KIA တာဝန်ရှိသူက ပြောသည်။