ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ၊ နေအိမ်အချို့နှင့် လ္ဘက်ရည်ဆိုင် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်။

စစ်ကောင်စီတပ် စစ်ကြောင်းက မုံရွာမြို့နယ်ထဲက ကျေးရွာတစ်ရွာရှိ အရပ်သား နေအိမ်အချို့နှင့် လက်ဖက်ရည် ဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးသွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်သွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော(မြောက်) ကျေးရွာထဲက နေအိမ်နှစ်လုံး၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ကို ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၅ နာရီ အချိန်က မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထနောင်းတော(မြောက်) ရွာသား တစ်ဦးက ပစ်ခံရတာတော့ ရွာမြောက်ဘက်မှာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ယောက်ပါ။ ဒီကောင် (စစ်သား) တွေက ရွာထဲဝင်ာလတော့ သေနတ်တွေ ဆက်တိုက်ပစ်ပြီး ဝင်လာတာဗျ။ အဲ့လို ဝင်လာပြီး ရွာမြောက်ဘက်ခြမ်းမှာ ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ကို ပစ်သတ် သွားတာ။ အခု ပစ်ခံရတဲ့ တပ်ဖွဲ့ဝင်တွေက ကျုပ်တို့ရွာကတော့ မဟုတ်ဘူးဗျ ဟု ပြောသည်။

စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော်ခန့်ပါသည့် မအူဂိတ်ဘက်မှထွက်လာသော စစ်ကြောင်းမှာ အနီးရှိ ထနောင်းတော (မြောက်) ကျေးရွာထဲသို့ ဝင်ရောက်လာပြီးနောက် ယခုကဲ့သို့ ပစ်သတ်သွားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးအနက် တစ်ဦးမှာ ဦးခေါင်းကျည်ထိ မှန် သေဆုံးသွားပြီး ကျန်နှစ်ဦးမှာမူ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် ရွာကထဲက ဆရာမ CDM လုပ်ထားတဲ့ ဆရာမပေါ့ဗျာ၊ ဒေါ်စန္ဒာဝင်း ဆရာမနာမည်က သူ့အိမ်ကို လည်း မီးရှို့သွားတာဗျ။ အဲ့ဆရာမအိမ်ကတော့ ဘယ်သူမှ မနေပါဘူးဗျာ။ အဲ့ဒါ တစ်ယောက်ယောက်က ပြော လို့ နေမှာပေါ့ မီးရှို့ခဲ့တာ။ ရွေးပြီးကို ရှို့သွားတာလို့ ပြောလို့ရတယ်။ ဆရာမ အိမ်နားလေးက နောက်တစ်အိမ် လည်း မီးရှို့ခံလိုက်ရသေးတယ် ဒေသခံရွာသားက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထနောင်းတော(မြောက်) ကျေးရွာထဲ ဝင်လာချိန် ရွာသားအချို့မှာ ဘေးလွှတ်ရာကို ထွက်ပြေးသွားကြသော်လည်း အချို့မှာ ကျန်ရစ်ခဲ့သည်။

ထိုသို့ ကျန်ရစ်ခဲ့သူများထဲမှ အချို့ကို လူသားဒိုင်းကာ၊ ဓါးစာခံအဖြစ် အဆိုပါ စစ်ကြောင်းက ၎င်းတို့ ရွာထဲမှ ထွက်သွားချိန် ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် မအူပင်ဂိတ်သို့ ပြန်ရောက် အဆိုပါ ရွာသားများအား ပြန်လွှတ် ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သေဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး၏ အလောင်းများကိုမူ စစ်ကောင်စီတပ်သားများ ထွက်သွားချိန် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်သယ်ယူသွားပြီဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ထနောင်းတော (မြောက်) ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လာလေ့ရှိသော ရွာလည်း ဖြစ်သည်။ အဆိုပါ ထနောင်း တော (မြောက်) ကျေးရွာ မီးရှို့ခံရမှုမှာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်က တစ်ကြိမ်၊ ယခု ၂၀၂၄ ခုနှစ်တွင် တစ်ကြိမ်ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ဇွန်လ ၈ ရက်နေ့တွင်လည်း မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ  အစည်း အဝေး လုပ်နေချိန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ဇွန်လ ၉ ရက်နေ့တွင်လည်း မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်ပါသော စစ်ကြောင်းက ဝင်ရောက်စီးနင်းချိန် အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦး အသတ်ခံခဲ့ရသေးသည်။