ကချင် ဆိုင်းတောင်တိုက်ပွဲ အရပ်သား ၄၀ နီးပါး သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်က တိုက်ပွဲမှာ ၂ ပတ်ကျော်လာပြီ ဖြစ်ပြီး အရပ်သားသေဆုံးမှု အယောက် ၄၀ နီးပါးရှိနေပြီဟု ဒေသခံများက ပြောသည်။
ဆိုင်းတောင်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူလည်း အယောက် ၅၀ ကျော်သွားပြီဖြစ်ပြီး ပြည်သူ ၄,၀၀၀ နီးပါး နေရပ်ကနေ စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
ဆိုင်းတောင် ဒေသခံအမျိုးသမီးတစ်ဦးက “လက်နက်ကြီးကြောင့် သေတဲ့လူ ၁၀ ဦး ကျော်ရှိတယ်။ ဒီရပ် ကွက် ၃ မှာက ပိုဆိုးတာက ထိခိုက်ဒဏ်ရာရတာရှိတယ်။ အဲဒီရပ်ကွက် ၄ ဘက်မှာကျတော့ သေနတ်ပစ်ပြီး ရမ်းသန်း ပစ်ပြီးမှ ထိမှန်တာ။ စနိုက်ပါနဲ့ ချိန်ပြီးတော့ ပစ်တာပေါ့။ ပြည်သူတွေကို သွားလာနေတာကို အပြစ်မရှိ အပြစ် ရှာပြီးတော့ ပစ်တာပေါ့။ လက်နက်ကြီးကြောင့်ရော ဟိုတယ်ကနေ စနိုက်ပါနဲ့ ချိတ်ပစ်တာ ရမ်းသန်းပစ်တာ တွေရော အယောက် ၄၀ နီးပါးရှိတယ်။ ၃၀ ကျော် ၄၀ နီးပါး အဲ့လောက်လောက်ရှိတယ်” ဟု ပြောသည်။
ဆိုင်းတောင်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတို့ကြား တိုက်ပွဲများ ဖြစ် နေသည့်အပြင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်နေ သည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ လုပ်နေပြီး အရပ်သားထိမှန် သေဆုံးမှုကလည်း ပိုတိုးလာသည်ဟု ဒေသတွင်း အကူအညီပေးနေသူများက ပြောသည်။
ရရှိထားသည့် မှတ်တမ်းဗီဒီယိုများ၊ ဓာတ်ပုံများနှင့် အချက်အလက်များ အရ ဆိုင်းတောင်ရှိ Lucky Men ဟိုတယ် ပတ်ဝန်းကျင်၌ပင် အရပ်သား ရုပ်အလောင်း ၁၀ လောင်း ကျော်ရှိနေပြီး ဟိုတယ်ထဲတွင်လည်း ရှိနိုင် သေးသည်ဟု အကူအညီပေးနေသူများက ပြောသည်။
စစ်ကောင်စီတပ်ဘက်က ဆက်တိုက်ပစ်ခတ်မှုများ လုပ်နေသည့်အတွက် ရုပ်အလောင်းများကို မကောက်ယူနိုင် သေးသည့် ရုပ်အလောင်းများလည်း ကျန်ရှိနေသေးသည်ဟု ဆိုသည်။
ဒေသတွင်းရှိ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “လက်နက်ကြီးထိတဲ့လူက တော်တော်များတယ်။ အယောက် သုံး-လေးဆယ် လောက်ရှိတယ်။ သေဆုံးတဲ့သူကတော့ ကျနော်တို့ ခန့်မှန်းတာကတော့ ပျမ်းမျှ သုံး-လေးဆယ်လောက်ရှိတယ်။ တချို့အလောင်းတွေ မကောက်နိုင်သေးဘူးဗျ။ ပုပ်ပွနေတာ ရွာထဲ၊ မြို့ထဲ၊ လမ်း ကြားတွေထဲ၊ ချောင်းတွေထဲမှာ။ စစ်ကောင်စီ က ရွာထဲဝင်ပြီး ပြည်သူတွေကို ဓားစာခံလုပ်ပြီး ဖမ်းပြီး မီးရှို့ပြီး သတ်ဖြတ် တာတွေလည်း များတယ်” ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင် နေကြရသည့် စစ်ဘေးရှောင် ၄,၀၀၀ ကျော်အတွက်လည်း အစားအသောက်၊ ဆေးဝါးနှင့် သောက်သုံးရေများလည်း လိုအပ်နေကြသည်။
ဖားကန့်ဒေသခံတစ်ဦးက “အခု ဒီဘက်ကမှာ စစ်ရှောင်တွေကတော့ မော်လကင်၊ ဆိုင်းအောင် နှစ်ခြင်းဘုရား ကျောင်း၊ ကောင်စံဘုရားကျောင်း၊ တောင်းကောက် ဘုရား ကျောင်း၊ ပြီးရင် မော်ရှန်ဘုန်းကြီးကျောင်း၊ အဲ့မှာ စစ်ရှောင်နေကြတယ်ပေါ့ နော်။ မော်ရှန်မှာဆိုရင် ထောင်ကျော်ရှိတယ်။ ပြီးရင် ကျမတို့ ဒီရပ်ကွက် ၃ တောင် ယာ ကုန်းဘက်မှာလည်း စစ်ရှောင်တယ်ပေါ့နော်။ နေရာတွေက တူတော့ မတူကြဘူးပေါ့နော်။ အဆင်ပြေသလို နေ နေကြတာ။ အခု စားနပ်ရိက္ခာအတွက် တော့ ကူညီကြတယ်။ အနည်းအကျဉ်းပဲ။ တစ်ရက်စာ နှစ်ရက်စာ ပေါ့” ဟု ပြောသည်။
စက်တင်ဘာလ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေပြီး ဆိုင်းတောင်၊ ရပ်ကွက် ၃ ထဲလည်း ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့အချိန်ထိ Lucky Men ဟိုတယ်ထဲတွင် တပ်စွဲထားသောကြောင့် ပြည်သူများမှာ ဘေးလွှတ်နိုင်မည့် နေရာများဆီသို့ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
ပြည်သူများ ထွက်ပြေးနေချိန်မှာတွင်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက ဆိုင်းတောင်ရှိ အရပ်သား ပိုင် အိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးခဲ့သည်။ အိမ်ခြေအလုံးရေ ရာချီခန့် မီးလောင်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုင်းတောင် ဒေသခံအချို့က ပြောဆိုထားသော်လည်း အတိအကျမူ မသိရသေးပေ။
စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ဆိုင်းတောင် ရဲစခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။