တရုတ်အလိုကျ စစ်ကောင်စီ ရွေးကောက်ပွဲ

မောင်လှိုင်းရေးသည်……

စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များကို လက်နက်ကိုင် လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲဝင်ကြဖို့ စက်တင်ဘာအတွင်းမှာ ကမ်းလှမ်း လိုက်ပါ တယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းစာထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနဲ့ NUG လက်အောက်ခံ PDF တွေကို ပါတီနိုင်ငံရေး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရန် ကမ်းလှမ်း ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ 

ထို့အပြင် စစ်တပ်အာဏာသိမ်းရတဲ့ အကြောင်းအရင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြစ်ဖို့ထားပြီး ပြောဆိုထားတာ တွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့ ဖိတ်ခေါ်စာဟာ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ကောင်စီရွေး ကောက်ပွဲကို အားပေးကြောင်းနဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောသွားပြီးနောက် အခုလို ကမ်းလှမ်းစာ ထွက်လာတာပါ။ 

ဝမ်ယိ နေပြည်တော်ကအပြန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဩဂုတ်လ ဒုတိယအပတ်ထဲမှာပြုလုပ်တဲ့ တရုတ်၊ လာအို၊ မြန်မာ နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးများ၏ ‘အလွတ်သ ဘောဆွေးနွေးပွဲ’ မှာ ဝမ်ယိက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မကျော်သင့်တဲ့ စည်း သုံး စည်းကို ကြေညာပါတယ်။ 

မြန်မာ့ပြည်တွင်စစ်ဖြစ်ပွားဖို့လှုံ့ဆော်တဲ့အပြုအမူတွေအားလုံးကိုဆန့်ကျင်တာ၊ မြန်မာကိုအာဆီ ယံကနေ ချန်လှပ်ထားလို့မရဘူးဆိုတာနဲ့ မြန်မာ့ပြည်တွင်းရေးကို ပြည်ပအင်အားစုတွေက တမင် ဝင်ရောက် စွက်ဖက်တာ ကို လက်မခံဘူးဆိုတာတွေ ဖြစ်ပါတယ်။  

ဒါ့ကြောင့် တရုတ်ဖြစ်စေချင်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေဟာ NUG၊ NUCC ကိုလည်း မှေးမိန်ပျောက်ကွယ် စေလိုပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတစ်ခုလုံးကို ပျောက်ကွယ် သွား စေချင်တယ်လို့ မြန်မာ့နိုင်ငံရေးသုတေသီ  Igor Blazevic (အီဂေါဗလာဇီဗစ်) က သုံးသပ်ပါတယ်။  

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း တော်လှန်ရေးကို လက်လွှတ်စေပြီး စစ်အုပ်ချုပ်ရေး လက်အောက်ခံ ထိန်းချုပ်ခံ နိုင်ငံရေးပါတီ တစ်ခုအဖြစ်ကနေ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို လက်ခံပြီး ပါဝင်စေချင်တယ်” လို့ သူက ပြောပါတယ်။ 

အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှာ စစ်ကောင်စီကို နိုင်ငံကိုယ်စားပြု အစည်းအဝေး တက်ခွင့်ပိတ်ပင်ထားသလို အလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်လည်း မရပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့လိုက်နာရမယ့် ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ထားပါတယ်။  

သဘောတူညီချက်တွေကတော့ “မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ပြီး သက် ဆိုင်သူများအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ မြန်မာပြည်သူများ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတစ်ခု ရရှိအောင် အပြုသဘောဆောင် ဆွေးနွေးကြရန်၊ ကြားဝင်စေ့စပ်ပေးမည့် အာဆီယံအထူး ကိုယ်စားလှယ် ခန့်အပ်ရန်၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန်၊ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဖို့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့အား မြန်မာနိုင်ငံကိုစေလွှတ်ရန်” တို့ ဖြစ်ပါတယ်။

တကယ့်လက်တွေ့ အလုပ်ဖြစ်မလာဘူး ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ ဘုံသဘောတူညီချက်တွေကို လာမယ့် အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိလုပ်မဲ့ အစည်းအဝေးပွဲတွေမှာ ပြန်လည် သုံးသပ်သွားမယ်လို့ အာဆီယံက ကြေညာထားပါတယ်။ 

နိင်ငံတွေကို ရည်ညွှန်းပြောဆိုသွားတာ မရှိပေမဲ့ တရုတ်တားမြစ်တဲ့ ပြင်ပအင်အားစုဆိုတာ အမေရိကန်နဲ့ ဒီမိုကရေစီနိုင်ငံတွေကို ရည်ညွှန်းတယ်လို့ မြန်မာ့နိုင်ငံရေးသုတေသီ Igor Blazevic (အီဂေါဗလာဇီဗစ်)က ပြောပါတယ်။

“တရုတ်က မြန်မာကို အိမ်နီးချင်းတွေနဲ့ရော အင်ဒိုပစိဖိတ်နဲ့ အနောက်နိုင်ငံတွေမှာရှိတဲ့ တခြားနိုင်ငံတွေလို တန်းတူညီမျှတဲ့ ဆက်ဆံရေးရှိတဲ့ အပြည့်အဝ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ဖို့ မလိုလားဘူး။ တရုတ် က အမေရိကန် နှင့် ဒီမိုကရေစီ နိုင်ငံ တွေ ကို မြန်မာနိုင်ငံရဲ့ ဝေးရာမှာ ရှိနေစေချင်တယ်။ ဒါကြောင့် တရုတ် က မြန်မာ ကို ကိုယ်ပိုင် ပထဝီ နိုင်ငံရေး လွှမ်းမိုး မှု နယ်ပယ် အဖြစ် ထိန်းချုပ်ထားလိုတယ်” လို့ သူက ပြောပါတယ်။

တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ပေးတဲ့ဖိအား 

ဝမ်ယိရဲ့ ခရီးစဉ်အပြီးမှာ တရုတ်က ရှမ်းမြောက်ရှိ TNLA နဲ့ MNDAA တို့ထိမ်းချုပ်ထားတဲ့ နယ်စပ်ဂိတ်များကို ပိတ်ခြင်း၊ ဆေးဝါးနဲ့ လောင်စာဆီများကို ကန့်သတ်ခြင်းတို့ တရုတ်ဘက် လုပ်ဆောင်ခဲ့ပါတယ်။ 

ဒါ့အပြင် စစ်ပွဲများမရပ်ပါက ကြောက်ရွံအောင် ဆုံးမမည်ဟု တရုတ်ဘာသာစကားနဲ့ ခြိမ်းခြောက်စာတစောင်ကို နာမည်ကျော် စစ်ဆင်ရေး ၁၀၂၇ ကို ဖြစ်စေခဲ့တဲ့ ညီနောင်သုံးဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ TNLA က လက်ခံ ရရှိခဲ့ပါသေးတယ်။ 

ခြိမ်းခြောက်စာနဲ့ ပတ်သက်၍ မြန်မာနိုင်ငံဆိုရာ တရုတ်သံရုံးက “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှု အခြေအနေကို များစွာ ဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ် ရပ်စဲရန် လုပ်ငန်း အမြဲလုပ်ဆောင်နေပါတယ်” လို့သာ ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 အဲဒီနောက်ပိုင်း တခြားအဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ကိုးကန့်-MNDAA ရဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ 

ကိုးကန့်တပ်ရဲ့ ကြေညာချက်မှာ မြန်မာနဲ့ တရုတ်ကို ဆန့်ကျင်ပြီး ပြည်ပအင်အားစုတွေနဲ့ ဆက်ဆံခြင်း၊ မဟာမိတ် ပြုလုပ်ခြင်းတို့ကို လုံးဝပြုလုပ်မှာ မဟုတ်ဘဲ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး နိုင်ငံရေးနည်း လမ်းအရ ပူးပေါင်း ဖြေရှင်းချင်တယ်လို့ ပါရှိပါတယ်။ 

ဒါ့အပြင် NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ လုံးဝ ပူးပေါင်းမှာ မဟုတ်သလို တောင်ကြီးနဲ့ မန္တလေးကို ထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ဘဲ မိမိကိုယ်ကို ခုံခံကာကွယ်ခွင့်ကိုသာ ဆက်လက်ကိုင်စွဲ သွားမယ်လို့လည်း ပါရှိပါတယ်။ 

အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ မပူးပေါင်းတော့ဘူးလို့ ကိုးကန့်တပ်ရဲ့ ထုတ်ပြန် ချက်အပေါ် NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့တာမှာတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

တရုတ်နယ်စပ် လောက်ကိုင် အခြေပြုတဲ့ ကိုးကန့်ဟာ လားရှိုး၊ ပန်ဆိုင်း (ကြူကုတ်)၊ မောက်ထိုက်၊ ကုန်းကြမ်း၊ ချင်းရွေဟော်၊ ဟိုပန်၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ ကွတ်ခိုင် နဲ့ တာမိုးညဲတို့ကို စစ်ဆင်ရေးနှစ်ခုနဲ့ သိမ်းပိုက်ထား ပါတယ်။ 

မြို့ပေါင်း ၃၂၅ မြို့ရှိတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း အနည်းဆုံး ၂၃၃ မြို့မှာ တိုက်ပွဲပေါင်း ၁၄,၄၅၇ ထက် မနည်းဖြစ်ပွါးခဲ့ပြီး မြို့ ၇၄ မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းထားတယ်လို့ ISP Myanmar ရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အထိ သုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အပစ်အခတ် ရပ်စဲရေးပြီးရင် မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်အောင် တရုတ်က ကြိုးစားနေတယ်လို့ မြန်မာ့နိုင်ငံ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။ 

“အဲ့ဒီဟာအတွက် MNDAA ကို တရုတ်က ဖိအားပေးတယ် ထင်တယ်။ ဒါကြောင့်မို့လို MNDAA ကလည်း လိုက် လျောရတယ် ထင်တယ်။ စစ်ကောင်စီကလည်း ကိုးကန့်တို့ကို လားရှိုးကို ပြန်ပေးရမယ်လို့ တောင်းတယ် လို့ ပြောတယ်ဗျ။ အဲ့ဒါကို မပေးနိုင်တဲ့ အခါကြတော့ သူတို့ပေးနိုင်မဲ့ ဟာလေးတွေနဲ့ အပြန်အလှန် စေ့စပ်တာ ပေါ့ဗျာ။ ရှေ့ကိစ္စတွေ မြန်မြန်ဆန်ဆန် ဖြစ်လာအုံးမလား မသိပါဘူးဗျ” ဟု သူက ပြောပါတယ်။ 

တရုတ်သံရုံး အမတ်နေရာ နဲ့ သံမှုးကြီးရာထူး နဲ့ မန္တလေးက ကောင်စီဝန်ချုပ် နေရာတွေကိုပါ လူငါးဦးထက် မနည်း အစားထိုး ခန့်အပ်ခဲ့မှု တစ်လအတွင်း ဖြစ်ခဲ့သလို တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း အပါအဝင် ကိုယ်စားလှယ်တွေ နေပြည်တော် လာရောက်မှုဟာလည်း စိပ်လာပါတယ်။

“တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်မနဲ့ နိုင်ငံရဲ့ အစိတ်အပိုင်းကြီးတွေကို စစ်ကောင်စီကို ဆက်လက် ထိန်းချုပ်ထား စေလိုတယ်၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲများမှ တဆင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုကို ရရှိရန် နေပြည်တော်တွင် အတုအယောင် အရပ်သား အစိုးရသစ် ပြုလုပ်ပေးဖို့ ဖြစ်တယ်” ဟု အီဂေါ ဗလာဇီဗစ်က ပြောပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ ဖိအားတွေနဲ့ ထိတွေ့မှုတွေ ရှိနေချိန်မှာ စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်နက်စွန့်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ တိုက်တွန်းတဲ့စာ ထွက်လာတာပါ။ 

ဒီစာထွက်ပြီး မကြာခင်မှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က စစ်ကောင်စီအနေနဲ့ ဘာကြောင့် အာဏာယူလိုက်လဲ ဆိုတာကို “ထုချေလွှာတင်ပြ” တာဖြစ်ပြီး သန်ခေါင်စာရင်း ကောက်မယ့် ကြေညာချက်ဖြစ်နေတယ်လို့ နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်း လိုနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ခပ်ရွဲ့ရွဲ့ တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကရင်အမျိုးသား အစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတော်နီးက “စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမယ်ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲတာကို လက်ခံရမယ်” လို့ BBC သတင်းဌာနကိုပြောပါတယ်။

တရုတ်စီမံကိန်းတွေနဲ့ တရုတ်ရဲ့ စိုးရိမ်ချက်

စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့မှာ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ (AA၊ MNDAA၊ TNLA) တို့ကို ‘အကြမ်းဖက် အုပ်စု’ အဖြစ် ကြေညာခဲ့ပါတယ်။  

ဒါ့အပြင် လားရှိုး ၊ သီပေါ နဲ့ နမ့်ပေါင်တို့မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေလည်း ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ပါတယ်။

တရုတ်ရဲ့ဖိအားနဲ့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုက နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာမှာလား ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူတွေကတော့ မျှော်လင့်ချက် သိပ်မထားကြပါဘူး။   

“စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းမှာ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လက် လုပ် ဆောင်နေပြီး မြောက်ပိုင်းညီနောက်သုံးဖွဲ့ကိုလည်း ‘အကြမ်းဖက် အဖွဲ့အစည်း’ တွေအဖြစ် ကြော်ငြာတာတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်နေတာက ရန်လိုမှုနဲ့ အကြမ်းဖက် စစ်ပွဲတွေကို ရပ်တန့်ဖို့ ရည်ရွယ်ချက် မရှိဘူး လို့ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ ဖြစ်တယ်။ MNDAA ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အရာတွေက ဟိုင်ဂင် သဘောတူညီချက်ထက် ပိုမို တိုတောင်းလိမ့်မယ်” လို့ အီဂေါဗလာဇီဗစ်က ပြောပါတယ်။

ဟိုင်ဂင် သဘောတူညီချက် ဆိုတာကတော့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီး တရုတ်နိုင်ငံရဲ့ ကမကမထ ပြုမှုနဲ့ စစ်ကောင်စီနဲ့ ညီနောင်သုံးဖော် အကြား ယူနန်ပြည်နယ် ဟိုင်ဂင်ဟိုတယ်မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့တဲ့ သဘောတူညီချက်ကို ညွှန်းဆိုတာ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၇၀ ကျော်ကို ဖြတ်ပြီး ကုန်သွယ်မယ့် တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း (BRI) စီမံကိန်းရှိနေပါတယ်။ 

ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ တရုတ်စီမံကိန်း အများစုကို တိုင်းရင်းသား လက်နက်ကိုင်တွေက ထိန်းချုပ် ထားတာပါ။ 

ISP Myanmar ရဲ့ သုတေသန စစ်တမ်းတွေအရ ရှမ်းမြောက်မှာ တရုတ်ရင်းနှီးမြုပ်နှံမှု ၁၉ ခုရှိတဲ့ အနက် ၁၀ ခုကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တရုတ်ရင်းနီးမြုပ်နှံမှု ၅၃ ရာခိုင်နှုန်းဟာ တော်လှန်ရေးတပ်များနဲ့ တိုင်းရင်း သား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတယ်လို့ ၂၀၂၄ ခုနှစ်မေလတွင်းက ထုတ်ပြန်ချက်မှာ ပါ ပါတယ်။

ထိုးစစ်အရှိန် လျော့ကျသွားတဲ့ ၁၀၂၇ စစ်ဆင်ရေး 

“ရှမ်း-မန်း စစ်ဆင်ရေးဟာ ခဏအရှိန်လျော့မည် ဖြစ်သော်လည်း ဒါပေမယ့် ထုတ်ပြန်ချက်ကြောင့်တော့ မဟုတ်ဘူး။ အကြောင်း အမျိုးမျိုးကြောင့် နှေးကွေးသွားမယ်။ သို့သော် ရှမ်းမြောက် ရှေ့တန်းက မြန်မာ နိုင်ငံမှာ တစ်ခုတည်းသော ရှေ့တန်းမဟုတ်ဘူးလေ” လို့ အီဂေါဗလာဇီဗစ်က ပြောပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ ဖိအားတွေ တိုးများလာတဲ့ အပေါ်မှာ သိသိသာသာ ပြောင်းလဲလာတဲ့ အခြေအနေတွေ လည်း ရှိလာပါတယ်။ 

အသိသာဆုံးကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ထိုးစစ်အရှိန်လျော့ကျ လာတာ ဖြစ်ပါတယ်။ 

မြို့တွေ စခန်းတွေ ခပ်စိပ်စိပ် သိမ်းပိုက်လာတဲ့ ရှမ်း-မန်း စစ်ဆင်ရေး လို့ ခေါ်တဲ့ ၁၀၂၇ ဒုတိယ စစ်ဆင်ရေးဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးကို သိမ်းပိုက်ပြီးနောက်မှာ မြို့တွေ စခန်းတွေ သိမ်းပိုက်တဲ့ အရှိန်ဟာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ 

ဒါ့အပြင် TNLA က ဦးဆောင်တိုက်ခိုက်နေတဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးရဲ့အကျွင်းအကျန် ပြင်ဦးလွင်အနီးက တောင်ခမ်း တိုက်ပွဲကလည်း ၂ လ ကျော်အကြာ ပြင်းထန်နေပေမယ့် ထိုးစစ်အရှိန်လျော့ကျလာပါတယ်။

တဖက်မှာလည်း တရုတ်ရဲ့ တိုက်တွန်းချက်နဲ့ အတူ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေ အလောတကြီး အရှိန်မြှင့်လာခဲ့သလို တဖက်မှာလည်း ရှမ်းပြည် မြောက်ပိုင်းနဲ့ ကရင်နီ ဒေသက ဆုံးရှုံးနယ်မြေတွေကို ပြန်လည် သိမ်းပိုက်မယ်ဆိုပြီး ခံစစ်ကနေ ထိုးစစ်ပြန် ပြင်လာနေခဲ့ပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဖိအားတွေကြောင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆင်ရေး လမ်းကြောင်းတွေ အားလျော့လာတော့မလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ 

မြန်မာ့အရေး သုံးသပ်နေတဲ့ ဒေါက်တာလှကျော်ဇောကတော့ “သက်ရောက်မှု တစုံတရာတော့ ရှိနိုင်တာပေါ့ဗျာ ဒါပေမယ့် ကိုယ့်အားကို ကိုးကြရမှာဘဲ ဒါကြောင့်မို့လို့ သိပ်တော့ ပြသနာမကြီးဘူးထင်တာဘဲ ။” လို့ပြောပါတယ်။