ဒီးမော့ဆို အနောက်ခြမ်း ဝက်နာကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက ကျေးရွာများတွင် ဝက်နာကျ ရောဂါ ဖြစ်ပွားနေပြီး သေဆုံးမှုများလည်း ရှိလာနေသည်။

မွေးမြူထားသော ဝက်အကောင်ရေ အားလုံးမှာ ဝက်နာကျရောဂါ ဖြစ်ပွားနေကြပြီး အကောင် ၁၀၀ ၌ အကောင် ၃၀ ကျော် သေဆုံးသွားသည်ဟု ဒီးမော့ဆို အနောက်ခြမ်းက ဒေသခံများက ပြောသည်။

ဒီးမော့ဆို အနောက်ခြမ်းက ဒေသခံတစ်ဦးက ဝက်ကလေး မွေးကင်းစတွေလည်း သေတာ ရှိတယ်လေ။ အဲ့ဒီ မှာ သူတို့ဟာ ၇ ကောင် မွေးတာကို အကုန်လုံး သေတာပေါ့။ အဒေါ်ဟာဆိုလည်း သူမွေးထားတာ ၂ ကောင် သူ့ဟာ အကုန်လုံးသေ ဟု ပြောသည်။

ဝက်နာကျ ရောဂါဖြစ်ပွားသည့် အခြေအနေများ အသေးစိတ်နှင့် ပတ်သက်၍ ဒေသခံအမျိုးသမီး တစ်ဦးက ယခုကဲ့သို့ ဆက်ပြောသည်။

ရွာမှာဆို သေတဲ့အထိ ရှိတယ်။ အစဆိုရင် သူတို့ ဝမ်းလျှောတယ်ပြီး အဲ့ဒီကနေမှ အစာ မစားချင်တော့ဘူး။ ဆေးကုလို့လည်း မရတော့ဘူး။ အစားကျွေးလည်း မစားချင်တော့ အဲ့ကနေပြီးတော့ သေတယ်။ တစ်ချို့ဆို တစ်ရက် တစ်ကောင် ကြာရင် တစ်ရက် နှစ်ကောင်၊ သုံးကောင် အဲ့မျိုး သေသွားတယ်။” 

ကျေးရွာများ အတွင်းရှိ တိရိစ္ဆာန်ကု ဆရာဝန်ကို ခေါ်ပြီး ကုသမှုများ ဆက်တိုက် လုပ်ပေးနေသော်လည်း ဝက်သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ဆိုကြသည်။ 

ဒေသခံတစ်ဦးက ရွာမှာ တိရိစ္ဆာန်ကုတဲ့ ဆရာဝန်ရှိ ပါတယ်။ ဒါပေမဲ့ ဆရာဝန်က လိုက်ကုပေမဲ့ အချို့ဆိုရင် ကုလို့ မရဘူး။ ဆေးထိုးပေးတယ် ဒါပေမဲ့ မရဘူး။ သေသွားကြတယ်ပေါ့နော် ဟု ပြောသည်။

ဝက်နာကျ ရောဂါကြောင့် မွေးမြူထားသည့် ဝက်များကို ဈေးသက်သက်သာသာနှင့် ရောင်းထုတ်ကြရသည့် အတွက် နစ်နာမှုများ ရှိနေသည်ဟု ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

တစ်ချို့ဆိုလို့ရှိရင် ဝက်ဆိုရင်သူတို့ ငယ်ငယ်ကတည်းက မွေးပြီး ကြီးလာတာ ရှိတယ်။ အဲ့ဒီ ကြီးလာတဲ့ ဝက်တွေဆိုရင် အကောင်ကြီးတယ် ဆိုလို့ရှိရင် ဒီဝက်က သိန်း ၁၅ သိန်း ၁၀ အဲ့လောက်ထိ ရနိုင်တယ်ဆိုပြီး သူတို့ လျာထားတယ်။ ဒါပေမဲ့ သူတို့ဟာ သေသွားပြီ ဆိုလို့ရှိရင် သူတို့က ဆုံးရှုံးမှု ရှိသွားတာပေါ့နော။ သူတို့ရဲ့ အရင်းအနှီးက ဆုံးရှုံးမှု ရှိသွားတာပေါ့နော်။” 

ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် မွေးမြူရေးလုပ်ငန်းကို စီမံကိန်းနှင့် လာရောက် လုပ်ပေးနေ သည့် အဖွဲ့များက စစ်ရှောင်များနှင့် ဒေသခံများကို အရင်းအနှီး ထုတ်ပေးနေသည်ဟု ဆိုသည်။

မွေးမြူရေး စီမံကိန်း အဖွဲ့ အနေဖြင့် မွေးမြူရန် ပေးထားသည့် ဝက်အတွက် တစ်နှစ်တိတိ သို့မဟုတ် နှစ်နှစ် ပြည့်သည်အထိ မွေးမြူးထားနိုင်ရန် အိမ်ရှင် (မွေးမြူသူ)များက ကုန်ကျထားသည့် ငွေအရင်းအနှီးကို စီမံကိန်းက ပြန်ပေးခြင်းမျိုး ဖြစ်သည်။

သို့သော် ယခုကဲ့သို့ ဝက်များ သေဆုံးနေသည့်အတွက် ဆုံးရှုံးမှုများ ရှိနေခြင်းကြောင့် အဆိုပါ စီမံကိန်း အတွက် လည်း အခက်အခဲ ရှိနေသည်ဟု ဒေသခံများက ပြောသည်။