စစ်မှုထမ်း အပတ်စဉ် ၃-၄-၅ အတွက် လူပေါင်း ၂၀၀၀၀ ကျော် ဖမ်းဆီးပြီး စစ်သား လုပ်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ တွင် မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ ၂ သောင်းကျော်ကို အဓမ္မခေါ် ယူ စုဆောင်းခဲ့သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS) တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ ထောက်ခံသူများ တဖြည်းဖြည်း လျော့နည်းလာသည့် အတွက် စစ်မှုထမ်းခေါ်ယူရာတွင် အပတ်စဉ် ၁ နှင့် ၂ ကဲ့သို့ မလွယ်ကူတော့သည့်အတွက် အကြမ်းဖက် နည်းလမ်းများသုံးပြီး ခေါ်ယူစုဆောင်းမှုများ ရှိနေသည်ဟု ဆိုသည်။
BACS သုတေသန တာဝန်ခံ ကိုမင်းထက်အောင်က “အရင်တုန်းက အပတ်စဉ် ၁၊ ၂ လောက်မှာ သူတို့ မဲနှိုက်တာ ရှိတယ်။ ပြီးတော့ ကြိုတင်အကြောင်းကြားပြီးမှ အိမ်လာခေါ်တာပေါ့။ အပတ်စဉ် ၃၊ ၄၊ ၅ ရောက်တဲ့အခါမှာ တော့ အဲလိုမလုပ်တော့ဘဲနဲ့ လမ်းတွေမှာ စစ်ဆေး ရေး ဂိတ်တွေမှာ တချို့ညဘက်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်လာခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ ထိုင်းဘက်က ပြစ်ဒဏ်ကျခံပြီးတော့ မြန်မာဘက်ကို ပြန်ပို့ခံရတဲ့လူတွေကိုလည်း စစ်မှုထမ်း ခေါ်တာတွေ လုပ်လာခဲ့တယ်ပေါ့နော်” ဟု ပြောသည်။
စစ်ကောင်စီက အဓမ္မစစ်မှုထမ်း ခေါ်ယူရာတွင် ၎င်းတို့ နယ်မြေစိုးမိုးထားသော နေပြည်တော်နှင့် ရန်ကုန်တိုင်း အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း အရှေ့ဘက်ခြမ်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် ခေါ်ယူနေခြင်း ဖြစ်သည်။
စစ်မှုထမ်းအတွက် လူပြတ်သည့် လမ်းများ၊ စစ်ဆေးရေး ဂိတ်များနှင့် ရေဘေးကြုံခဲ့ရသော နေရာဒေသများထဲ ကနေ အဓမ္မပေါ်တာဆွဲ ခေါ်ယူခဲ့ပြီး သတင်းဖုံးဖိထားသည်ဟု ကိုမင်းထက်အောင်က ဆက်ပြောသည်။
“အရင်လို အိမ်တွေကို ကြိုတင် အကြောင်းကြားတာ မရှိဘဲနဲ့ ရုတ်တရက် ရောက်လာပြီးတော့ ဖမ်းခေါ်သွားတာ တွေ လုပ်လာခဲ့တယ်။ အပတ်စဉ် ၁၊ ၂ နဲ့ မတူတော့တာက သူတို့ လုပ်ဆောင်နေတဲ့ အဖြစ်အပျက်တွေကို အများ ပြည်သူတွေ မမြင်ရအောင် သတင်းမီဒီယာတွေမှာ ပြန်နှံ့ခြင်း မရှိအောင် ဖုံးကွယ်လာတာကို တွေ့ရတယ်။”
စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် အပတ်စဉ် တစ်ခုကို လူဦးရေ ၅ ထောင်ခန့်သာ သတ်မှတ်ထားသော် လည်း စစ်မှုထမ်းခေါ်ယူရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းအောင်၏ ဖိအားပေးစေခိုင်းမှုကြောင့် အပတ်စဉ် ၃ ခုအတွင်း လူဦးရေ ၂၁,၀၀၀ နီးပါးအထိ ရှိလာပြီဟု လေ့လာစောင့်ကြည့်နေသူများက ဆိုသည်။
အဆိုပါ အပတ်စဉ်များထဲ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ သာမက တပ်မများ အလိုက် တပ်သားသစ် စုဆောင်းရေးအတွက်ကိုလည်း ခေါ်ယူခဲ့သည်ဟု ကိုမင်းထက်အောင်က ပြောသည်။
“ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စုဆောင်းတဲ့သူရယ်၊ အရင်လိုပဲ နီးစပ်ရာ ပေါ်တာဆွဲပြီးတော့ စစ်တပ်ထဲ ပို့တဲ့ သူရယ် အဲဒီ ၂ မျိုးကို တွေ့ရတယ်။ အဲဒီ ၂ မျိုးဆိုရင် သတင်းတွေမှာတောင် ကွဲကွဲပြားပြား မတွေ့ရဘူး။ လက်ရှိ ထွက်ပြေးတဲ့ဟာ အများစုက ပေါ်တာဆွဲတဲ့ဟာပေါ့နော်။ စစ်မှုထမ်း ဥပဒေအရ မဟုတ်ဘဲနဲ့ ဒီတိုင်းဖမ်းပြီးတော့ စစ်တပ်ထဲ ထည့်တဲ့ဟာက ပိုများတာကို တွေ့ရတယ်။”
ထို့အပြင် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများထဲ၌လည်း စစ်ကောင်စီနှင့်အတူ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) က တပ်သားသစ် အပြိုင်စုဆောင်းနေပြီး စစ်အင်အားပြပွဲများလည်း မကြာခဏ လုပ်နေ သည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် လာမည့်လများထဲ တ စစ်ကောင်စီက တပ်သားသစ် ပိုမိုစုဆောင်းလာနိုင်ချေရှိပြီး အချို့ တိုင်းရင်းသား လက်နက်ကိုင်တပ်များလည်း လူသစ်စုဆောင်းမှုများ ရှိလာနိုင်သည့်အတွက် လူငယ်များအနေဖြင့် ဘေးကင်းလုံခြုံသော နေရာများ၊ တပ်သားသစ်စုဆောင်းမှု မရှိသော လွတ်မြောက်နယ်များနှင့် ပြည်ပနိုင်ငံများ ကို ကြိုတင်ရှောင်တိမ်းကြသည်။