စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ လာရောက် ခိုလှုံခဲ့သည်ဟု တနင်္သာရီပြည်သူ့ကာကွယ်‌ရေးအဖွဲ့ – ပကဖ အဖွဲ့မှ ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် ခြေမြန်တပ်ရင်း အမှတ် – ၅၅၆ မှ တပ်သားအဆင့် ရှိသူ စစ်ကောင်စီ တပ်ဖွဲ့ဝင် မောင်ဝေလင်းထွန်း ဆိုသူသည် နိုဝင်ဘာလ ၄ ရက်နေ့က လာရောက် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တနင်္သာရီ – ပကဖအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက လာရောက်ခိုလှုံခဲ့တဲ့ တပ်ဖွဲ့ဝင်က မြန်မာပြည်အထက်ပိုင်းကနေပြီး တနင်္သာရီမြို့နယ်ဘက်ကို တာဝန်ကျလာတာပါ၊ တပ်တွင်း မတရားဖိနှိပ်ခံရတာတွေ၊ စစ်တပ်ကစစ်သည်တော် ကျင့်ဝတ်ဖောက်ဖျက်ပြီး ပြည်သူများအပေါ် မတရားဖိနှိပ် သတ်ဖြတ်တာတွေ လုပ်ဆောင်နေ တာတွေကြောင့် အခုလိုမျိုး ထွက်ပြေးခိုလှုံလာရတာပါဟု ပြောသည်။

တပ်သား မောင်ဝေလင်းထွန်းနှင့် အတူ MA . 2 တစ်လက်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ကျည်ဘောက် (၁) ခု တို့ကို ပါ သယ်ဆောင်လာပြီး ခိုလှုံလာခြင်းဖြစ်ကြောင်း တနင်္သာရီ – ပကဖအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ပြော သည်။

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် ဘက်သို့ စစ်ကောင်စီ ရိက္ခာပို့ ယာဥ်တန်းများ သွားလာသည့် အချိန်တိုင်း နယ်မြေ လုံခြုံရေးအတွက် ခမရ – ၅၅၆ တပ်ရင်းမှ ကင်းယူပေးရလေ့ရှိပြီး လုံခြုံရေးတာဝန်ကျနေချိန် လက်နက် များ နှင့် တကွ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သား မောင်ဝေလင်းထွန်းကို တနင်္သာရီ – ပကဖအဖွဲ့မှ နေထိုင်ရေးနှင့် လုံခြုံရေး အတွက် တာဝန်ယူပေးထားပြီး ပြည်သူ့ရင်ခွင် အဖွဲ့အစည်းကို ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးသွားရန် စီစဥ်နေကြောင်း တနင်္သာရီ – ပကဖအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

တနင်္သာရီတိုင်း အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ စစ်ကောာင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အချိန်မှီ ပူးပေါင်းကြရန်နှင့် လက်နက်နှင့်တကွ အလင်းဝင်ခဲ့ပါက ကောင်းမွန်စွာ စောက်ရှောက်ပေး မည့် အပြင် ဂုဏ်ပြုဆုငွေများကိုလည်း ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်းကို ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်အတွင်း စစ်ကောင်စီတပ်သားများ လာရောက် ခိုလှုံခြင်းထက် ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ သုံးလတာအတွင်း ဆက်တိုက်ဆိုသလို လာရောက်ခိုလှုံခဲ့ရာ စုစုပေါင်း ၄၁ ဦးအထိ ရှိနေပြီဖြစ်သည်။