၉၄ ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ မြို့တွင်းလှည့်လည် အပူဇော်ခံပွဲ ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

မြိတ်ခရိုင်၊ မြိတ်မြို့တွင် ၂၀၂၀ ခုနှစ်မှ စတင်၍ ရပ်နားထားရသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လှည့် ပူဇော်ခံပွဲကို စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် လုပ်ရခြင်း ဖြစ်သည်ဟု ပွဲတော်ကျင်းပရေး ဂေါပကအဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။ 

ယခုကျင်းပရသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လှည့် ပူဇော်ခံပွဲကို (၉၄) ကြိမ်မြောက်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၆ နာရီအချိန် လှည့်လည်သွားမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံထားသည့် စက်ဝင်းရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက မလုပ်ချင်လို့လည်း မရဘူး။ စစ်ကောင်စီက မလုပ်မနေရဆိုပြီး အမိန့်နဲ့ ခိုင်းတာကြောင့် မဖြစ်မနေ လုပ်ပေးရတာပါ။ ဒီကြားထဲ ဖားယားပြီး လုပ်တဲ့သူတွေလည်း ရှိတာပေါ့၊ အများကတော့ လုပ်ချင်တဲ့ စိတ်မရှိဘဲ မျောက်ပြ ဆန်တောင်းတဲ့ အလုပ် လုပ်နေကြရတာပါ။ ပြောရင်လည်း မင်းက ဒီဘာသာ မဟုတ်ဘူးလား အမေးခံရအုန်းမယ် ဟု ပြော သည်။

ဘုရားငါးဆူကွင်း မုဒ်ဦးအရှေ့မှ စတင်၍ လှည့်လည်သွားမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ဘုရားငါးဆူကွင်းတွင် တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ (၅) ညတိုင်အောင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးနောက် လပြည့်နေ့ညဘက်တွင် မြို့လှည့်ပူဇော်ခံသွားမည် ဖြစ်သည်။

ရပ်ကွက်များတွင် နိုဝင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ အရင်ဆုံး အပူဇော်ခံရပြီး ဘုရားငါးဆူကွင်းသို့ ၁၀ ရက်နေ့ ညနေအမှီ ပို့ပေးရကြောင်း မြို့သစ်ရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက ဆိုသည်။

မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးရွယ်အိုများနှင့် မြို့သူမြို့သားများ ဖူးမျှော်ခွင့်ရစေရန် ရည်ရွယ်သည်ဟု ဆိုကာ စစ်ကောင်စီ အလိုကျ မြို့လှည့် အပူဇော်ခံနိုင်ရန် မြိတ်မြို့ ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူးကျင်းပ ပေးရခြင်း ဖြစ်ကြောင်း မြိတ်မြို့ခံများက ပြောသည်။ 

မြိတ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်နှင့် လူငါးဦးထက် ပိုမစုရ အမိန့်တို့ကို ထပ်မံ ထုတ်ပြန်ထားသော်လည်း ဘုရားပွဲကျင်းပရာ ဘုရားငါးဆူကွင်းအနီးနှင့် လမ်းများတွင် စစ်ကောင်စီ တပ်ဖွဲ့က လုံခြုံရေး ယူထားခြင်း မရှိကြောင်း မြို့ခံများက ဆိုသည်။

နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲကို ကိုဗစ်ကာလ ကတည်းက ရပ်နားထားခဲ့ပြီး ယမန်နှစ်တွင် ညဘက် အစား နေ့ဘက်တွင် ပြန်လည် လှည့်လည် အပူဇော်ခံခဲ့ကြသေးသည်။

ကိုဗစ်မတိုင်ခင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည်ခဲ့ရာတွင် ရပ်ကွက်အသီးသီး၌  ညလုံးပေါက် အပူဇော်ခံပြီး နောက် နံနက်ပိုင်း အာရုဏ်တက်ချိန်တွင် ဘုရားငါးဆူကျောင်းတိုက် အတွင်းသို့ ပြန်လည် ပို့ဆောင်လေ့ရှိခဲ့သည်။

ယခုနှစ်တွင် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို (၉၄) ကြိမ်မြောက် အဖြစ် ယမန်နှစ်က ကဲ့သို့ နေ့ဘက် တွင် ကျင်းပသွားမည် မဟုတ်ဘဲ ယခင်ကအတိုင်း ညဘက်တွင် လှည့်လည် အပူဇော်ခံသွားမည် ဖြစ်ကြောင်း  ပွဲတော်ဖြစ်မြောက်ရေး ဂေါပကအဖွဲ့က ကြေညာထားသည်။