ကရင်နီပြည် ဖားဆောင်းကို လေးနေရာ ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
စစ်ကောင်စီတပ်က ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲရှိ နေရာလေးနေရာခန့်ကို တစ်ရက်တည်းအတွင်း ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဖားဆောင်းမြို့နယ်ထဲကို နိုဝင်ဘာလ ၁၀ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခံရသည့် အခြေအနေများနှင့် ပတ်သက်၍ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ယခုကဲ့သို့ ပြောသည်။
“မနေ့က အကြီးက ၁၀ ကြိမ်ပေါ့နော။ တစ်နေရာ တစ်နေရာမှာ လေးငါးလုံး လေးငါးလုံး အဲလိုမျိုးကြဲချတာ ရှိတယ်လေ။ တခါကြဲတော့ ၂ လုံးပေါ့။ တခါ ၂ လုံးဆို လေးခါဆိုတော့ ခြောက်လုံးပေါ့ ရှစ်လုံး အဲလိုမျိုးပေါ့။ သူတို့ဗုံးက တစ်ခါတစ်လေ ၂ လုံးရှိတယ်။ သုံးလုံးရှိတယ်။ အကြီးက ၂ လုံးပဲ တအားကြီးတယ်ဆိုရင် ပေါင် ငါးရာက တစ်လုံးတည်းပဲ တစ်လုံးပဲ။ ၁၁ နာရီ ၃၀ မှာက ဗုံးကြဲတယ်ပေါ့။ တစ်ရက်တည်း သူက ဗုံးကြဲတဲ့ နေရာ က ဝမ်အောင်း ကယားရွာ နောက်ပြီး တော့မှ နန်းကစ်ရယ် ပါပုရယ်ပေါ့။ နောက်သံလွင် တံတားနားမှာ ကြဲချ တာလည်း ရှိတယ်ပေါ့။ အဲဒါ သုံးလေး နေရာ ကြဲတာရှိတယ်။”
အဆိုပါ နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KA စစ်ရေး ချုပ်က ပြောသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး ဘုန်းနိုင် က ဆိုသည်။
“မနေ့က ဟိုးဝမ်အောင်း ကယားရွာမှာ တစ်ယောက်ရှပ်ထိမိတယ်။ အဖိုးကြီး ယောက်ကျားလေးပေါ့နော သူက ရွာကို ပြန်ကြည့်တာပေါ့လေ သူတို့ စစ်ရှောင်မှာပါသွားတာ။ ဒါပေမယ့် သူတို့ရွာ ပြန်ကြည်ပြီးမှ အခြေအနေကို ပြန်စုံ စမ်းပြီးတော့မှ ဗုံးကြဲတာတော့ သူက နည်းနည်းထိတယ်။ ဒါပေမယ့် မစိုးရိမ်ပါဘူး။ အစလေးပဲ အဲတစ် ယောက်ပဲ ထိတယ်။ တခြားတော့ ထိခိုက်မှု မရှိဘူးပေါ့။”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ကရင်နီပြည်နယ် လွိုင်ကော်မြို့က နိုးကိုးကျေးရွာနှင့် သရက်ပင်ကျေးရွာ ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား လေးဦးသေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“လွိုင်ကော်ဖက်ကတော့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတယ်ပေါ့နော။ ပြီးတော့ စစ်ကောင်စီတွေလည်း စစ်ကြောင်း အလုံးအရင်းနဲ့ ထိုးလာနေတယ်။ ပြီးတော့ ရွာထဲမှာလည်း လက်နက်ကြီးတွေလည်း ရမ်းသမ်းတွေ ပစ်နေတယ်။ ပြီးတော့ ပြည်သူတွေလည်းထိတာ သေတာ ဒဏ်ရာရတာတွေလည်း ရှိတယ်။”
ထို့အပြင် ရှမ်း – ကရင်နီအစပ် ဖယ်ခုံ အရှေ့ဖက်ခြမ်း ကာလရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက RFA ကို ပြောဆိုထားသည်။
လက်ရှိ ဖားဆောင်းမြို့နယ်ရှိ နေရာတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထား ပြီး စစ်ကောင်စီတပ်က အင်အား အနည်းငယ်သာ ရှိတော့သည်ဟု ကရင်နီတပ်မတော် KA က ပြောသည်။