မိုးကုတ်ဗုံးကြဲမှု အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တအာင်းတပ် TNLA က သိမ်းပိုက်ထိန်းချုပ်ထားသော မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့အား နိုဝင်ဘာလ ၁၁ ရက်နေ့၊ ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “မိုးကုတ်မြို့ လယ်ဦးရပ်ကွက် နတ်စင်အနီးက အိမ်တွေကို ကြဲသွားတာပါ။ သူက ပေါင် ၅၀၀ ဗုံးကြဲသွားတော့ အဲနားက အိမ်ခြောက်အိမ်လောက် ပျက်စီးသွားတယ်။ လူက အရှေ့ပိုင်းက သေတာက ၃ ယောက်ပါ။ မိုးကုတ်မြို့ အနောက်ပိုင်း လူထရပ်ကွက် ဂေါ်ရခါးတွေ အများစုနေတဲ့ နေရာ အိမ် တွေကို ကြဲတာက ပြည်သူက တစ်ယောက် သေပါတယ်။ ၆ ယောက် ထိခိုက်ဒဏ်ရာရပါတယ်။ အရှေ့ ပိုင်းရော အနောက်ပိုင်းရော ထိခိုက်ဒဏ်ရာရတာ ဆိုရင်တော့ ၁၀ ယောက်လောက် ရှိပါတယ်” ဟု ပြောသည်။
မိုးကုတ်မြို့ပေါ်သို့ Y-12 အမျိုးအစား ကင်းထောက် လေယာဉ်ဖြင့် ငါးကြိမ်ခန့် ပျံ့ဝဲခဲ့ပြီးနောက် ဂျက်ဖိုက်တာ အမျိုးအစား တိုက်လေယာဉ်ဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။
TNLA ဘက်က အုပ်ချုပ်ရေး ဖော်ဆောင်ပြီးတဲ့နောက် မိုးကုတ်မြို့ကို ပထမဆုံးအကြိမ် လေယာဉ်မှ ဗုံးကြဲမှု အတွင်း ပြည်သူများ တိမ်းရှောင်ချိန် မရလိုက်သည့်အတွက် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဗုံးက ချက်ချင်းကြဲတာ မဟုတ်ဘဲနဲ့ ကင်းထောက် လေယာဉ်တွေက အရင်ဆုံး ဝဲတယ်။ ဝဲပြီး တော့မှ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲသွားတာပါ။ ပြည်သူတွေလည်း ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူးပေါ့နော။ TNLA ဘက်က အုပ်ချုပ်ရေး ဖော်ဆောင်ပြီးတဲ့နောက် ပထမဆုံးကြဲတာ ဖြစ်ပါတယ်။ ကြဲတဲ့နေရာကလည်း လက်နက် ကိုင်တွေ မရှိဘဲနဲ့ ပြည်သူတွေပဲ ရှိတဲ့နေရာ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွင် ကျောက်မျက်များ တူးဖော်နေသည့် မိုးကုတ်ရှိ အကြမ်းဖက် TNLA အဖွဲ့များ ခိုအောင်းနေသည့် နေရာကို တပ်မတော်မှ ဗုံးကြဲရှင်းလင်းခဲ့သည်ဟု ဖော်ပြထားသည်။
မိုးကုတ်မြို့အား TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ လေးလရှိပြီ ဖြစ်ပြီး TNLA ၏ အုပ်ချုပ်ရေးစနစ် လည်ပတ်မှုအောက်တွင် အသေးစား ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများအား ခွင့်ပြုနေပြီ ဖြစ်သည်။
ထိုသို့ ခွင့်ပြုလိုက်သည့်နောက် စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင်လည်း နိုဝင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်တွင် လေကြောင်းမှ ပေါင် ၃၀၀ ဗုံးများဖြင့် လာကြဲမှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိ ရဲစခန်း၊ ဈေးရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် အဆောက်အအုံ ၇ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။