ဆိုင်းတောင်တိုက်ပွဲတွင် သေဆုံးသူ ရုပ်အလောင်း ၇၀ ခန့်ကို ဒေသခံများက ကောက်ယူ သင်္ဂြိုလ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀ ခန့်ကို နယ်မြေရှင်းလင်းသူ အရပ်သားများက ကောက်ယူ၍ သင်္ဂြိုလ်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထိုရုပ်အလောင်းများမှာ ဆိုင်းတောင်ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော KIA၊ PDF ပူးပေါင်းတပ်တို့အကြား စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ရုပ်အလာင်းများ ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသား တစ်ဦးက ခန့်မှန်းခြေ အနေအထား အရတော့ တိုက်ပွဲကာလ အစအဆုံး စုစုပေါင်း ၇၀ ကျော်လောက်ရှိမယ်။ နှစ်ဘက်စလုံးက ကျတဲ့ အလောင်းတွေကို ကောက်ရတယ်။ Lucky Man နဲ့ နီးစပ်တဲ့ နေရာတွေမှာ သေတဲ့ဟာတွေ ရှိတယ်။ အဲဒါတွေလည်း ကောက်ရတယ်။ သူတို့ တပ်ဖွဲ့ဝင်တွေ ကျလို့ ဟိုတယ်ရဲ့ ဘေးနားက အိမ်တွေ ဘေးနားမှာ မြုပ်ခဲ့တာတွေ ရှိတယ်။ အိမ်တွေဘေးမှာ ဆိုတော့ ပြန်ဖော်ရတယ်။ ပြန်ဖော် ပြီးတော့ သင်္ချိုင်းမှာ သွားပြီးတော့မှ မီးသင်္ဂြိုလ်ပေးရတယ်ဟု ပြောသည်။

နိုဝင်ဘာလ ပထမပတ်အတွင်း ဆိုင်းတောင်ကျေးရွာ၌ နယ်မြေရှင်းလင်းရေး လုပ်ချိန် သေဆုံးခဲ့သည့် ရုပ် အလောင်းများနှင့် အရိုးခေါင်းများကို တွေရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်အလာင်းများမှာ တစ်ဦးချင်းစီ အလိုက် မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်မပြုနိုင်ဟု နယ်မြေရှင်းလင်းရေး လုပ်ချိန်တွင် ပါဝင်ခဲ့သည့် ဒေသခံများက ဆိုသည်။

သို့သော် တူးဖော်တွေ့ရှိရသည့် ရုပ်အလောင်းများနှင့် အရိုးစု၊ အရိုးခေါင်းများမှာ တိုက်ပွဲအတွင်း အသတ်ခံခဲ့ရ သည့် ပြည်သူများ၊ Lucky Man ဟိုတယ်မှ ဝန်ထမ်းများ၊ စစ်ကောင်စီ တပ်သားများနှင့် KIA၊ PDF ပူးပေါင်း အဖွဲ့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ဆိုကြသည်။

ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားများ ကျဆုံးခဲ့ပါက ဟိုတယ်အနီး လူနေအိမ်များတွင် မြေမြုပ်ထားကြပြီး ထိုအလောင်းများအားလည်း လိုက်လံရှိဖွေ တူးဖော်ကာ မီးသင်္ဂြိုလ်ပေးရကြောင်း ဒေသခံ များက ဆိုသည်။

ဆိုင်းတောင် ရပ်မိရပ်ဖတစ်ဦးက ကျနော်တို့ တွေ့တာကတော့ ၁၄ လောင်း အရိုးခေါင်းခွံပေါ့ ခွေးတွေ ဘာတွေ ဆွဲသွားတာတွေလည်း ရှိတယ်။ တစ်ချို့က ဟိုရောက်ဒီရောက် သွားတာ ရှိတယ်။ တစ်ချို့က ချောင်းထဲမျော သွားတာလည်း ရှိတာပေါ့လေ။ ဥတုချောင်းထဲမှာလည်း ရှိနိုင်တယ်။ နောက်ပြီးတော့ တိုက်ပွဲကာလ ပြီးခါနီး လောက်က လူသေအလောင်း ငါးလောင်းလောက်က ဥရုချောင်းဘက် မျောသွားတာ ရှိတယ် ဟု ပြောသည်။

တိုက်ပွဲအတွင်း လူနေအိမ် ၄၀၀ ခန့် ပျက်စီးသွားပြီး ဘိုးဘွားရပ်သာဆောင် တစ်ဆောင်လည်း မီးလောင် ပျက်စီးသွားကြောင်း ဆိုင်းတောင်ဒေသခံများက ပြောသည်။

ဆိုင်းတောင်ကျေးရွာတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများ အနေဖြင့် နယ်မြေရှင်းလင်း ရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေ ကြသော်လည်း ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရန် မတတ်နိုင်ကြဟု လည်း ဆိုကြသည်။

ထို့ကြောင့် အချို့ဒေသခံရွာသားများမှာ ၎င်းတို့၏ မြေကွက်များအား ရောင်းချနေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သူတို့တွေ ပြည်လည်တည်ထောင်ရေး လုပ်ဖို့အတွက် အခက်ခဲတွေ ရှိတာပေါ့။ အိမ်တွေ ပြန်မဆောက်နိုင် ကြတော့ဘူး။ မြေကွက်တွေကို ဒီတိုင်း ရောင်းပြီးတော့မှ ပြန်ရင်းနှီးမြုပ်နှံပြီးတော့ တခြားလုပ်ငန်းတွေ လုပ် ချင်ကြတာများတယ်။ ပြန်လည်ထူထောင်နိုင်သူက အနည်းငယ်ပဲ အထည်ဆိုင်တွေ၊ အိမ်ဆိုင်တွေဆိုရင် မီးထဲ ပါသွားတော့ ပြန်ဆက် မလုပ်နိုင်တော့ဘူး။ တစ်ချို့တွေက စစ်ရှောင်စခန်းမှာပဲ နေပြီး ကျန်တဲ့ မြေကွက်ကို လာကြည့် အဲ့လောက်ပဲ လုပ်နေကြတယ်။” 

ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အနေဖြင့် Lucky Man ဟိုတယ်တွင် တပ်စွဲထားကာ ဟိုတယ် ဝန်ထမ်းများနှင့် ပြည်သူအယောက် ၄၀ ခန့်ကို ဖမ်းဆီးထားကာ အချို့ကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း နီးစပ် သူများက ဆိုသည်။

စက်တင်ဘာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အနေဖြင့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှိ့ ဖျက်ဆီးခဲ့ သည့်အပြင် ကျေးရွာထဲကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

KIA နှင့် PDF ပူးပေါင်းတပ်တို့က အောက်တိုဘာလ ၈ ရက်နေ့တွင် Lucky Man ဟိုတယ်နှင့် ဆိုင်းတောင် ကျေးရွာအား အပြီးသိမ်းပိုက် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ရှမ်းနီတပ်ဖွဲ့ဝင် ၂၂ ဦး လက်ချက်ချခဲ့ ကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဓါတ်ပုံ – CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)