ရှမ်းကရင်နီ နယ်စပ် စစ်ကောင်စီ စစ်ပြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်။
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့် တင်းမှုနှင့် အတူ စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်လာသည်ဟု ကရင်နီအခြေစိုက် ဒေသတွင်း သတင်းအရင်း အမြစ်များက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေများနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“စစ်ကောင်စီတွေ စစ်ကြောင်းတွေ အလုံးအရင်း ထိုးလာနေတယ်။ ပြီးတော့ ရွာထဲမှာလည်း လက်နက်ကြီးတွေ ရမ်းသန်းမှန်းသန်းတွေ ပစ်နေတယ်။“
ထို့အပြင် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ရှိနေသည် ဟု မြေပြင်တွင် ရောက်ရှိနေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
၎င်း က “သူတို့ လက်နက်ကြီးတို့ ဒရုန်းတို့ ခဏခဏ ချလာတယ်။ ရှိတယ် ခဏခဏပဲ။ လေယာဉ် ပါလာချတာ” ဟု ပြောသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီ၏ နယ်မြေ စစ်ကြောင်း လှုပ်ရှားမှုများ ရှိနေသည့်အတွက် အရပ်သားပြည်သူ၊ စစ်ဘေးရှောင်များ သွားလာနေထိုင်ရာတွင် အထူး ဂရုစိုက် ကြရန်နှင့် လက်နက်ကြီး၊ လေယာဉ်ရန်များအတွက် ကြိုတင် ကာကွယ်မှု ပြုလုပ်ထားကြရန် Jobs For Kayah အသင်းမှ နိုဝင်ဘာ ၈ ရက်နေ့က သတိပေး တိုက်တွန်းထားသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်အင်အား ဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိနေ သော်လည်း အခြေအနေ အသေးစိတ် အခြေအနေကိုမူ မသိရသေးဘူးဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။
ဗိုလ်မှူးကြီး ဘုန်းနိုင်က ”ကလေးတွေ မေးကြည့်တော့လည်း သိပ်ထူးထူးထွေထွေ သူတို့ လာပြီးတော့ တင်ပြ တာ မရှိဘူး” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖားဆောင်းမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု KA စစ်ရေး ချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းရှိ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်သည့်အတွက် အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက် ဒဏ်ရာရှိခဲ့သည်။
ထို့အပြင် ရှမ်း – ကရင်နီအစပ် ဖယ်ခုံ အရှေ့ဖက်ခြမ်းရှိ ကာလကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ဦး ထိခိုက် သေဆုံးခဲ့သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဘေးနှင့် စစ်ဘေးကြောင့် စစ်ရှောင်နေကြရသည့် စစ်ရှောင် ဒေသခံများ၊ စစ်ရှောင်များရှိသည့် နေရာနှင့် ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အကူအညီ ပေးနေသူများက ပြောသည်။
ဓါတ်ပုံ – Job For Kayah